ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ဂျပန်အစိုးရက လာမည့် ဧပြီ ၂၇ ရက်မှ မေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ဒေသများ၏ အခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို အကဲဖြတ်သွားမည့် Japan International Cooperation Agency-JICA အဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

JAIC အဖွဲ့သည် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများတွင် အရေးပေါ် ကယ်ဆယ် ရေးသာမက ရေရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ရန်အတွက်ပါ ရည်ရွယ်ဖွဲ့စည်း ထားသည့် အဖွဲ့တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် စေလွှတ်မည့် ကျွမ်းကျင်သူအဖွဲ့သည် ရန်ကုန်နှင့် မန္တလေးအပါအဝင် ငလျင် ဘေးဒဏ်သင့်ဒေသများသို့ သွား ရောက်မည်ဖြစ်ပြီး လာမည့် ဧပြီ ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံမှ ထွက်ခွာလာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်အစိုးရသည် JDR ဆေးဘက်ဆိုင်ရာ အဖွဲ့ကိုလည်း စေလွှတ်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကာ နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့်လည်း အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ ၆ သန်းနီးပါး အကူအညီပေး အပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပြင်အခြေအနေကိုလည်း ကွင်းဆင်း‌လေ့လာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအတွက် တိုက်ရိုက်အကျိုးပြုမည့် အကူအညီများကိုလည်း တတ်နိုင်သမျှ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Embassy of Japan in Myanmar
ပုံစာ – ယခင်စေလွှတ်ခဲ့သည့် JDR ဆေးဘက်‌ဆိုင်ရာအဖွဲ့
#ဂျပန် #စစ်ကိုင်းငလျင် #JICA #အကူအညီပေး #Ayeyarwaddy_Times