
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်သော ရွာငံဒေသသည် စစ်ရေးအရ အရေးပါသည့်အတွက် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံမှ သိရသည်။
ရွာငံမြို့နယ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိပြီး မြို့တော်တောင်ကြီးနှင့် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ကို အဓိက ဆက်သွယ်ထားသော နေရာဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်လာမည်ကို စိုးရိမ်၍ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“အကယ်လို့ ရွာငံနဲ့ အနီးတဝိုက်ကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် မြေပြန့်နဲ့ ဒီဘက်က တော်လှန်ရေး အဖွဲ့တွေ ချိတ် ဆက်မိသွားမယ်၊ အင်အားပိုကြီးလာနိုင်တယ်။ ဒါကြောင့်မို့ စစ်ကောင်စီအတွက် အရေးပါတယ်” ဟု SHRF ၏ပြောခွင့်ရ ယိင်းလျန်းဟန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရွာငံ-ဟန်မြင့်မိုရ် လမ်းမှတစ်ဆင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့ကို အလွယ်တကူသွားနိုင်သကဲ့သို့ ရွာငံ-အောင်ဗန်း-ဟဲဟိုး လမ်းမှတစ်ဆင့် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်အခြေစိုက်ရာ တောင်ကြီးမြို့သို့လည်း သွားရောက်နိုင်သည်။
အလားတူ ရွာငံ-ပင်းတယ-ရပ်စောက်လမ်းဖြင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)ကိုလည်း ဆက်သွယ်ထားသည်။
ရွာငံဒေသတွင် အဓိကစစ်ရေး လှုပ်ရှားသည့် စစ်ကောင်စီတပ်မှာ ကလောအခြေစိုက် ခြေမြန်တပ်မ (၅၅) ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“အိမ်တွေကို မီးရှို့ပြီးမှ လုယက်တာ၊ အိမ်တွေက ပစ္စည်းတွေကို ယူတာ။ ဒါကတော့ အများဆုံး လူအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ လေးနှစ်တာကာလမှာ နေအိမ် ၂၀၀ နဲ့ ၃၀၀ ကြား မီးရှို့ဖျက်ဆီးခံခဲ့ရတယ်” ဟု SHRF ၏ ပြောခွင့်ရက ဆိုသည်။
ယင်းအပြင် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) သည်လည်း ရွာငံဒေသအတွင်းရှိ စစ်ဆင်ရေးများတွင် တစ်ခါတစ်ရံပူးပေါင်း ပါဝင်လျက်ရှိပြီး ၎င်းတို့နှင့်အတူ ဒေသခံပျူစောထီးများက ဒေသခံများကို အစုအပြုံလိုက် ညှင်းပန်းနှိပ်စက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတိုင်မီအထိ ရွာငံတွင် အခြေစိုက်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ မတ်မှစ၍ ရာနှင့်ချီသော တပ်မ (၅၅) တပ်ဖွဲ့ဝင်များသည် ရွာငံမြို့တောင်ဖက်စွန်းရှိ ပဲရင်း တောင်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲလာခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ မေတွင် တပ်မ (၅၅) တပ်ဖွဲ့ဝင်များသည် ရွာငံမြို့မြောက်ဖက် နွားဘန်းကြီးကျေးရွာ အထက်တန်းကျောင်းတွင် အခြေစိုက်စခန်း ထပ်မံတပ်စွဲခဲ့ပြီး ရွာငံမြို့ရှိ ကျေးရွာများအပြင် မန္တလေးတိုင်း၊ သာစည်မြို့တို့တွင်လည်း အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း SHRF ထံမှ သိရသည်။
“လက်ရှိမှာတော့ ဖိနှိပ်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေတာကြောင့် ဒေသတွင်း တော်လှန်ရေး လှုပ်ရှားမှုကတော့ ပျောက်ကြားအဆင့်လောက်ပဲ လှုပ်ရှားနိုင်သေးတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ ပြောရေးဆိုခွင့် ရှိသူ ယိင်းလျန်းဟန်က သုံးသပ်ပြောဆိုသည်။
ထို့အပြင် အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင် စီ၏ ဖမ်းဆီးခြင်းခံရသော ရွာငံဒေသခံ ၃၀၀ ဦးအနက် ၁၀၀ ကျော်မှာ လက်ရှိအထိတိုင် ပြန်လွတ်လာခြင်း မရှိသေးသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း ၁၀၀၀ ကျော်ရှိလာ၍ တောတောင်များ၌ ခိုလှုံနေကြရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးများကြောင့် ကြိမ်ဖန်များစွာ ထွက်ပြေးနေရသော ရွာငံဒေသခံများသည် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာရေး စသည့်လူသားချင်း စာနာမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း SHRF ၏ အစီရင်ခံစာတွင် ေဖာ်ပြထားသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) သည် အစိုးရမဟုတ်သည့်အဖွဲ့အစည်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ။ ပြည်ပရောက်ရှမ်းအမျိုး သားတော်လှန်ရေးအင်အားစုများနှင့် ရှမ်းပြည် နယ်အတွင်းနှင့်ပြင်ပရှိ ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ရှမ်းပြည် ပိုင်နက်ဒေသ လွတ်မြောက်နယ်မြေတွင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သည်။
မြေပုံ-SHRF
#ရွာငံဒေသ #စစ်ရေးအရ #အရေးပါ #စစ်ကောင်စီ #လူ့အခွင့်အရေးချိုးဖောက်မှုများ #ပိုမိုပြင်းထန်စွာလုပ်ဆောင်
#Ayeyarwaddy_Times