ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေရာ နောက်တန်းမှ စားနပ်ရိက္ခာမပို့နိုင်သဖြင့် စစ်ကောင်စီက ဒေသခံများထံမှ ဖိအားပေးရိက္ခာတောင်းယူနေကြောင်း သိရသည်။

စစ်ကောင်စီ၏ နောက်တန်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာနေရာသို့ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း လုံလောက်စွာ ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများထံမှ ရိက္ခာပစ္စည်း၊ ငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး ရှေ့တန်းသို့ပို့ဆောင်နေကြောင်း သိရသည်။

“ကုန်းကြီးကျေးရွာမှာ တစ်အိမ်ထောင် ၃၀၀၀ ကျပ်နဲ့ မဖြစ်မနေဆိုပြီး အတင်းကောက်နေတာရှိတယ်။ ပြီးတော့ ထူးခြားတာရှိရင် အုပ်ချုပ်ရေးမှူးဆီကို ဆက်သွယ်သတင်းပေးရမယ်လို့လည်း ညွှန်ကြားထား တယ်”ဟု လေးမျက်နှာမြို့နေ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ရိက္ခာထောက်ပို့နေမှုကို ပြည်သူများမှ စစ်တပ်ကို အားပေးထောက်ခံကာ သတင်းပေးပို့ ရိက္ခာများထောက်ပံ့နေသည်ဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်နေကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၊ ကညင်တောင်အုပ်စု၊ ရွှေဘုံသာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် ကျေးရွာအတွင်းရှိ နေအိမ်များမှ ငွေကြေးကောက်ခံမှုများရှိနေကြောင်း သိရသည်။

အဆိုပါကျေးရွာအုပ်စုအတွင်းတွင် အိမ်ခြေပေါင်း ၄၅၀ ရှိပြီး ဧပြီ ၂၁ ရက်နေ့မှစ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးများက စစ်ကောင်စီအင်အား ၃၀၀ ကို ထမင်းကျွေးရန်အတွက်ဟုဆိုကာ တစ်အိမ် ထောင်လျှင် ငွေကျပ် ၃၀၀၀ ဆီ ကောက်ခံကြောင်း ဒေသခံများထံမှ သိရသည်။

ရေကြည်နှင့် လေးမျက်နှာမြို့နယ်အစပ်ရှိ ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင်ရှိသည့် စက်စက်ယို ကျေးရွာဘက်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့အထိ တိုက်ပွဲပြင်း ထန်ခဲ့ပြီး စက်စက်ယို ကျေးရွာဝန်းကျင်ရှိ တုံးတော၊ ကညင်တိုင်း၊ ပန်းတောကြီးစသည့်ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း၊ စက်တပ်လေထီးများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ် ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောကြီးကျေးရွာနှင့် စက်စက်ယိုကျေးရွာတို့ကို ဧပြီ ၂၁ ရက်နေ့မတိုင်ခင်ကတည်းက AA နှင့်ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#ဧရာဝတီတိုင်း #လေးမျက်နှာ #ရှေ့တန်း #ရိက္ခာ #ပြည်သူများထံမှ #အတင်းအဓမ္မ #ကောက်ယူ #Ayeyarwaddy_Times