
(ကန်ပက်လက်)၊ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) မှ စစ်သင်တန်းတက်ရောက်ရန် ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်မပြည့်သေးသည့် လူငယ်များကို ပြန်လွတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများသည် မကြားကျေးရွာမှ ခုနှစ်ဦး၊ လုံဘောက်ကျေးရွာမှ နှစ်ဦး၊ ကျောက်တောင်ကျေးရွာမှ ခြောက်ဦး၊ မဒီလောင်ကျေးရွာမှ တစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲတွင် အမျိုးသမီး ကိုးဦး နှင့် အမျိုးသား ခုနှစ်ဦး တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက် မှ ၃၀ ရက်နေ့တွင် CDF-Kanpelet ၏ ဝိတိုရိယ တပ်ရင်း (၁) မှ စစ်သင်တန်းတက်ရောက်ရန် လူငယ်များကို မိသားစုဝင်များက တားမြစ်သည့်ကြားမှ အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ဖမ်းခေါ်သွားတဲ့ လူငယ်တွေက အသက် ၁၃ နှစ်၊ ၁၄ နှစ်အောက် ကလေးတွေပါ။ အကုန်လုံးက ကျောင်းနေအရွယ်တွေပါ။ ကျောင်းဖွင့်အမီ ကျောင်းတက်ဖို့ ကလေးတွေ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ကလေးတွေ တစ်ယောက်မှ အသက်ပြည့်ကြသေးတာ မဟုတ်ဘူး။ ကျောင်းတက်ရမယ့် အရွယ်တွေပါ” ဟု မကြားကျေးရွာမှ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ဖမ်းဆီးခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့်အပြင် ကျန်းမာရေး ချို့တဲ့သူများ၊ နာတာရှည်ရောဂါဝေဒနာ ခံစားရသူများ၊ မသန်စွမ်း မိခင် ပြုစုသူများနှင့် မသန်စွမ်းသူမများ ပါဝင်ကြောင့် သိရှိရသည်။
“တချို့ကလေးတွေက ကလေးသဘာဝအရ ကျန်းမာရေး မကောင်းတဲ့သူတွေပါသလို တချိုကျတော့ ညီအစ်ကိုမောင်နှမတွေ အဝေးရောက်လို့ မိဘကို ပြုစုစောင့်ရှောက်တဲ့သူလည်းပါတယ်။ အဲထဲမှာ မောင်ထန်းဟုန်း ဆိုတဲ့ကလေးတစ်ယောက် စစ်ကောင်စီ သေနတ် ပစ်ခတ်ခံရတဲ့ မသန်စွမ်းတစ်ယောက်လည်းပါတယ်” ဟု ကျောက်တောင်ကျေးရွာမှ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် မိသားစုဝင်များက ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-ကန်ပက်လက် စစ်ဦးစီးချုပ်ထံ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် လူငယ်များကို အမြန်ဆုံးလွှတ်ပေးရန် စာရေးပေးပို့ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ဖမ်းဆီးခံရသည့် လူငယ်များကို CDF-Kanpelet အနေဖြင့် ယနေ့ထိ ပြန်လွတ်ပေးခြင်းမရှိသလို ၎င်းတို့၏ ဖမ်းဆီးခံရသည့်လူငယ်များလည်း မိသားစုဝင်နှင့်အဆက်သွယ်မရ၍ စိုးရိမ်နေရကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့်လူငယ်များနှင့်ပတ်သက်၍ CDF-Kanpelet တာဝန်ရှိသူထံ ဧရာဝတီတိုင်းမ်က ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပါ။
“ကန်ပက်လက်မြို့နယ်မှာ လူငယ်တွေကို စစ်သင်တန်းပေးဖို့ ခေါ်တာတွေရှိပါတယ်။ မတက်မနေရ တက်ရမယ့်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ ပြီးတော့ အသက်မပြည့်သေးတဲ့လူငယ်တွေ၊ ကျန်းမာရေးမကောင်းတဲ့လူငယ်တွေ ခေါ်ဆောင်တာမျိုးတော့ မရှိဘူး” ဟု CDF-Kanpelet နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကန်ပက်လက်မြို့ကို CDF-Kanpelet ပါဝင်သည့် ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
#စစ်သင်တန်းတက်ရောက်ရန် #ဖမ်းဆီးခံထားရသူများကို #ပြန်လွှတ်ပေးရန် #CDFKanpelet #မိသားစုများကတောင်းဆို #Ayeyarwaddy_Times