
ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
ထိုင်းနိုင်ငံတွင် ၁၃ နှစ်ကြာ လုပ်ငန်းလည်ပတ်ခဲ့သည့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း တစ်ခု ဖြစ်သည့် Food Panda (ဖုပန်ဒါ)သည် ၎င်း၏ရေရှည်မဟာဗျူဟာနှင့် လက်ရှိဈေးကွက်အခြေအနေများ မကိုက်ညီတော့ဟုဆိုကာ ယမန်နေ့ မေလ ၂၃ ရက်နေ့မှ စတင်ကာ ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
Food Panda အနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်တာကာလတွင် နှစ်စဉ် အရှုံးပေါ်ခဲ့ပြီး ထိုင်းဘတ်ငွေ ၃၉၉ သန်း အထိအရှုံးပေါ်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ထိုင်းဒီမိုကရေစီအရေးဆန္ဒပြခဲ့သည့် Food Pand အလုပ်သမားတစ်ဦးကို အလုပ်ဖြုတ်ခဲ့သည့် ဖြစ်စဉ်တွင် ထိုင်းနိုင်ငံသားများ၏ ဝေဖန်မှုများစွာခံခဲ့ရပြီး အဆိုပါအချိန်က Food Panda အက်ပလီကေးရှင်း အသုံးပြုသူ နှစ် သန်းခန့်အထိ လျော့ကျခဲ့ ကြောင်းလည်း သိရသည်။
“ကျွန်ုပ်တို့၏ခရီးစဉ်တစ်လျှောက်တွင် ကျွန်ုပ်တို့သည် ဂုဏ်ယူစွာဖြင့် စီးပွားရေးကိုလုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ အသုံးပြုသူများအားလုံးထံသို့ အော်ဒါတိုင်းမှတစ်ဆင့် ပျော်ရွှင်မှုကိုပါပို့ဆောင်ပေးခဲ့သည်” ဟု ကုမ္ပဏီက နှုတ်ဆက်စကား ပြောဆိုခဲ့သည်။
Food Panda သည် Delivery Hero လက်အောက်ရှိ လုပ်ငန်းတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် Food Panda (Thailand)ကုမ္ပဏီအဖြစ် ထိုင်းနိုင်ငံတွင် လုပ်ငန်းစတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်တွင် Delivery Hero (Thailand) ဟူ၍ အမည်ပြောင်းလဲခဲ့ကြောင်း သိရသည်။
လက်ရှိတွင် Delivery Hero ကုမ္ပဏီအနေဖြင့် အခြား အာရှ-ပစိဖိတ်ဈေးကွက်တွင် ပိုမိုအာရုံစိုက်ကာ လုပ်ကိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့မှ အဆိုပါဒေသများရှိ အရောင်းမြှင့်တင်ရေးနှင့် လူ့အရင်းမြစ်လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်းဆက်လက်လုပ် ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုတွင် ပထမဆုံးနှင့် တစ်ခုတည်းသော ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်ခဲ့သည့် Food Panda သည် Grab နှင့် LINEMAN ကဲ့သို့ အခြား အစားအသောက်ပို့ဆောင် မှုလုပ်ငန်း ပြိုင်ဘက်များ၏ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများကြား ရုန်းကန်ခဲ့ရပြီး ယခုအခါ ဈေးကွက်ဝေစုများ ပေးကာထွက်ခွာခဲ့ရပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ကိုးကား – Khaosod English
#foodpanda #Ayeyarwaddy_Times