
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဧပြီ ၂၅ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပိုင်းရှိ မြို့ချောင်းရွာ နှင့် လေးအိမ်စုရွာများသို့ စစ်ကောင်စီက ယမန်နေ့ဧပြီ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လေကြောင်းတိုက်ခိုက်မှု နှင့် နေအိမ်မီးရှို့မှုများ ပြုလုပ်နေ ကြောင်းသိရသည်။
စစ်ကောင်စီက ထို့သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီသည် လေးအိမ်စု ကျေးရွာအတွင်းသို့ Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် လက်နက်ကြီးပစ်ခတ်မှုများကိုလည်းပြုလုပ်ခဲ့ရာ လေးအိမ်စုကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည်စထိမှန်မှုကြောင့် အသက် (၇၁) နှစ်အရွယ် ဦးဝင်းနိုင်ဆိုသူ သေဆုံးခဲ့ကြောင်း သိရသည်။
“မနေ့ကတော့ သူတို့စစ်ကြောင်းထိုးလာတယ်။ အုတ်ဖြတ် ဖြူးလမ်းပိုင်းပေါ့နော်။ ကျွန်တော်တို့ အဖွဲ့တွေရှိနေတော့ ထိတွေ့မှုဖြစ်တယ်။ ဗိုလ်မှူးတစ်ယောက်အပါအဝင် သူတို့ ၁၀ ဦးလောက်ကျတယ်။ ကျွန်တော်တို့အဖွဲ့တွေကတော့ မနေ့က ပြန်ဆုတ်ပေးလိုက်တယ်။ ဒီမနက်တော့သူတို့ပစ်ဝင်လာတယ်။ ရွာထဲမှာ ရွာသားတွေညတုန်းကပြန်အိပ်ကြတာရှိတယ်။ လက်ရှိမှာ မီးရှို့တဲ့အနေအထားပဲသိသေးတယ်။ အသေးစိတ်တော့မသိရသေးဘူး” ဟု ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် အဆိုပါလေးအိမ်စုကျေးရွာသို့ အင်အားအများအပြားဖြင့် သေနတ်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့မှုများပြုလုပ်ခဲ့ပြီး ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီသည် ဖြူးမြို့နယ်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ဆက်တိုက်လုပ် ဆောင်နေပြီး ယနေ့ ဧပြီ ၂၅ ရက်နေ့တွင်လည်း မုန်းမြို့အခြေစိုက် ခမရ-၅၉၉ တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဘန်လောင်ရွာ နှင့် လက်ပံတန်းရွာများသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဖြူး #စစ်ကောင်စီ #စစ်ကြောင်းထိုး #နေအိမ်မီးရှို့ #တိုက်ပွဲ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times