
ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
ယခု နွေလယ်ကာလ၌ ဧရာဝတီမြစ်သည် မြစ်ကြီးနားမြို့တွင်မြစ်ရေတိုးနေကာ မြစ်ကြောင်း တစ်လျှောက်ရှိမြို့များတွင်လည်း မြစ်ရေတိုးနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းရှိ အချို့မြို့ကြီးများတွင်မူ အပူချိန်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ဧပြီ ၂၄ ရက်နေ့ တစ်ရက်အတွင်း ခုနစ် ပေအထိ မြင့်တက် လာသဖြင့် မြစ်ရေတိုးလာနိုင်မှုသတိပြုနေထိုင်ရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဧပြီ ၂၅ တွင် ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင်မြင့်တက်ခဲ့သော ဧရာ၀တီမြစ်ရေသည်လာမည့် ၁ ရက်မှ ၅ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ငါးပေခွဲမှ ခြောက်ပေခွဲခန့်အထိ မြင့် တက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၅ ရက်မှ ၈ ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောက်ဦးမြို့တို့တွင် လေးပေခွဲမှ ငါးပေခွဲခန့်၊ လာမည့် ၈ ရက်မှ ၁၃ ရက်အတွင်း ချောက်မြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေခွဲမှ လေးပေခွဲခန့်မြင့်တက်မည်ဖြစ်ကာ လက်ရှိရေမှတ် အထက်မြင့် တက်လာမည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်ကြောင်းအတွင်း သွားလာနေကြသော ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုရန်နှင့် သဲသောင်ခုံများတွင် စိုက်ပျိုးရေးလုပ်ကိုင် နေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှု ဂရုပြုနေထိုင် သင့်ကြောင်း မိုး/ဇလက အသိပေးထားသည်။
ထို့ပြင် လက်ရှိနွေလယ်ကာလတွင် နေ့အပူချိန်များမြင့်တက်နေရာ ချောက်မြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၃ ဒီဂရီဆဲလ်စီးယပ်အပါအဝင် မကွေး၊ ဂန့်ဂေါ၊ မင်းကင်း၊ မုံရွာ၊ တံတားဦး၊ ပခုက္ကူ နှင့် တောင်းတွင်းကြီးတို့တွင် ၄၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် အပူချိန်မြင့်တက်လျက်ရှိသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ပူပြင်းသောနွေရာသီတွင်အရောင်ဖျော့ဖျော့၊ ချောင်ချောင်ချိချိ ခပ်ပွပွ ချည်ထည် များကို ရွေးချယ်ဝတ်ဆင်ရန်၊ အပြင်ထွက်ဖို့ကြုံလာတိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန် နေရောင်ခြည်ကာ လိမ်းဆေး SunCream များ အသုံးပြုရန်၊ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အမိုးအကာရှိသည့် နေရာများတွင်နေရန် ဧရာ၀တီတိုင်းမ်၏ ကျန်းမာရေးပင်တိုင်ဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေက အသိပေးထားသည်။
ထို့ပြင် ရေများများသောက်ခြင်း၊ သစ်သီးများများစားပေးခြင်းတို့ပြုလုပ်သင့်ပြီး ပူပြင်းသောနေရောင် အောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း တို့ကို တတ်နိုင်သမျှ ရှောင်ရှား၍ နေပူထဲမှပြန်လာပြီးပါက ချက်ချင်း ရေချိုးခြင်းမပြုရန် ဒေါက်တာမိုးသစ်နေက ဆိုထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#နွေလယ်ကာလ #ဧရာဝတီမြစ်ရေတိုး #မြို့ကြီးအချို့အပူချိန်မြင့် #Ayeyarwaddy_Times