စက်သုံးဆီစျေးကြောင့် အဝေးပြေးကားလက်မှတ်ခစျေးနှုန်းများ ၄၀၀၀ ကျပ်အထိ ထပ်မံ တိုးမြှင့်စျေးတက်

ဟိန်းစံ/ဧရာဝတီတိုင်းမ်

(ရန်ကုန်)၊ သြဂုတ်လ ၂၆ ရက်

ရန်ကုန်မြို့(အောင်မင်္ဂလာအဝေးပြေး)မှ မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်ရှိမြို့နယ်များကိုပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းများမှ ယာဥ်စီးခများ စျေးနှုန်းများတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့အဝေးပြေးယာဥ်လိုင်းများထံကသိရသည်။

လက်ရှိယာဥ်စီးခများထက်ခရီးစဥ်နှင့်ယာဥ်လိုင်းအလိုက် ယာဥ်စီးခ ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ တိုးမြှင့်မည်ဖြစ်ပြီး သြဂုတ် ၂၆ ရက် မှစတင်၍ တိုးမြှင့်စျေးနှုန်းများဖြင့်ရောင်းချခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဝန်းရှိ ယာဥ်လိုင်းအမည်မဖော်လိုသည့် ယာဥ်လိုင်းတာ ဝန်ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

” တက်တာကတော့ ယာဥ်လိုင်းအကုန်တက်မှာ၊ ခရီးစဥ်နဲ့ ယာဥ်လိုင်းနဲ့ယာဥ်အမျိုးအစားပေါ်မူတည်ပြီးတော့ အနည်းငယ်ကွာမှာပေါ့။ ယာဥ်လိုင်းကြီးတွေက ၄၀၀၀ လောက်ထိတက်မယ်။ ဥပမာ ရန်ကုန် – နေပြည်တော်ဆို အရင်က ၁၇၀၀၀ ပေါ့၊ ဒါကရိုးရိုးကားပေါ့။ ၄၀၀၀ တက်မယ့်လိုင်းဆိုရင် ၂၁၀၀၀ ဖြစ်သွားမယ်။ တချို့လိုင်းအငယ်တွေကတော့ ၂၅၀၀

တက်တဲ့လိုင်း၊ ၃၀၀၀ တက်တဲ့လိုင်းရှိတယ် ၃၅၀၀ တက်မယ့်လိုင်းရှိမယ်။ ယာဥ်လိုင်းတွေ အကုန်တက်တာ” ဟု အဆိုပါ ယာဥ်လိုင်းတာဝန်ခံကပြောသည်။

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်း ခရီးစဥ်များအတွက်ကားလက်မှတ်ရောင်းချနေသည့် မော်လမြိုင်မြို့ခံ လက်မှတ်အရောင်းခွဲကိုယ်စားလှယ်တဦးကလည်း မူရင်းယာဥ်လိုင်းဂိတ်များက ကားခများစျေးနှုန်းတိုးမြှင့်ကောက်ခံသဖြင့် အဆိုပါခရီးစဥ်များအတွက် ကျပ် ၃၀၀၀ မှ ၄၀၀၀ ကျပ်အထိတိုးမြှင့်ရောင်းချရမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိ ယနေ့ စက်သုံးဆီစျေးနှုန်းများသည် ပရီမီယံဒီဇယ် ၁ လီတာလျှင် ၃၃၀၀ ကျပ်နှင့်အထက်ကိုမြင့်တက်နေပြီး ဆက်လက်မြင့်တက်လာဖွယ်ရှိသဖြင့်ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း ယာဥ်လိုင်းတာဝန်ခံတဦးကပြောသည်။

” အဓိက က ဆီစျေးနှုန်းပေါ့၊ ဒီနေ့စျေးက ပရီမီယံဒီဇယ် က ၃၃၀၅ ကျပ် နောက်ထပ်လည်းတက်ဖို့ရှိမယ်ပေါ့။ အဝေးပြေးExpress ကားတွေက ပရီမီယံဒီဇယ်သုံးတဲ့ကားတွေများကြတာလေ၊ အဲ့တော့ တခေါက် တခေါက် ဆီဖိုး၊လမ်းကြေး၊ဒရိုက်ဘာ၊စပယ်ယာအခေါက်ကြေး၊ဂိတ်ကြေး ဒါတွေနဲ့က မကိုက်တော့ လက်မှတ်ခမတက်ရင်လည်းရပ်ထားဖို့ဘဲရှိတော့တာ။

နောက်ပြီး ခု အဝေးပြေးကားတွေကို ဟိုပစ္စည်းမတင်နဲ့၊ ဟိုနေရာမှာမတင်နဲ့၊ ဒီနေရာမှာကုန်မတင်နဲ့၊ သူတို့(စစ်ကောင်စီ)ကန်သတ်တာတွေတအားများတော့ တန်ဆာနဲ့ကလည်းပိုက်ဆံရှာမရတော့ဘူး။ လမ်းတလျှောက် ပိုက်ဆံတောင်းတဲ့ဂိတ်တွေကလည်း လမ်းကြေးအပြင် ဂိတ်ကြေးပါပေးနေရတာ” ဟု ၄င်းကဆက်လက်ပြောသည်။

စက်သုံးဆီစျေးဆက်တိုက်မြင့် တက်နေသည့်အတွက် သယ်ယူပို့ဆောင်စရိတ်များ ဆက်လက်မြင့်တက်လာမည်ဖြစ်ပြီး အခြေခံကုန်စျေးနှုန်းများလည်း ယခုထက်ပိုမိုမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့ကခန့်မှန်းသုံးသပ်ထားသည်။

ဓာတ်ပုံ – အောင်မင်္ဂလာအဝေးပြေး ပ ဝန်းအတွင်းရှိ ကားဂိတ်တချို့။(ပုံဟောင်း)

#AyeyarwaddyTimes