
ဓနုဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လျှပ်စစ်မီးမပေးဘဲ မီတာခလိုက်ကောက်နေ
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဓနုဖြူ)၊ ဩဂုတ်လ ၂၆ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ကျေးရွာအချို့ဆို လျှပ်စစ် မီးမပေးဘဲ မီတာကောက်ခံတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ကျေးရွာတွေမှာ ကိုယ်ထကိုယ်ထစနစ်နဲ့ မီတာချိတ်ပြီး မီးကြိုးသွယ်တန်းတာတွေပြုလုပ်ပြီးပေမယ့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မင်းကျော်ဦးက သူ့အဖွဲ့နဲ့မလုပ်လို့ မီးမလွှတ်ပေးသလို ကျေးရွာတွေက မီးလင်ရေး တာဝန်ရှိသူတွေကို ခံဝန်ထိုးခိုင်းပြီး လျှပ်စစ်မီတာထိန်းသိမ်းခဆိုကာ ငွေကောက်ခံတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ အေအီး မင်းကျော်ဦးက သူ့အဖွဲ့နဲ့လုပ်တဲ့ ရွာတွေဆိုရင် မီးလွှတ်ပေးတယ်၊ မလုပ်တဲ့ ကျန်တဲ့ရွာတွေကို မီးမလွှတ်ပေးဘဲ မီတာခကောက်တာ ထိန်းသိမ်းခဆိုပြီးတော့ ၅၃၅ ကျပ်ပေးရတယ် ပြီးတော့လမ်းစရိတ်ပါ ယူသေးတယ်”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဓနုဖြူမြို့ခံပြည်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြော ပါတယ်။
ဓနုဖြူမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ထားတဲ့ ကျေးရွာတွေက မီးလင်းရေးကော်မတီ တာဝန် ရှိသူတွေကို တစ်ခုခုဖြစ်ရင် လျှပ်စစ်ဥပဒေနဲ့အရေးယူခံရမယ့်အကြောင်း ခံဝန်ထိုးခိုင်းတာတွေပြုလုပ်နေတယ် လို့ဆိုပါတယ်။
“ ဒီဘက်မှာက မထိုးတာ သုံးရွာလောက်ရှိတယ် ဒါပေမယ့် ရွာတွေပြောလိုက်ရင် ပိုညစ်မှာဆိုးလို့ မပြောချင်ဘူး မီးသာမပေးတာ မီတာခကျတော့ လာကောက်တယ် လမ်းစရိတ်ပါရွာကပေးနေရတယ် မီးကြိုးသွယ်တာရော မီတာတပ်တာရော ရွာကပဲခံပြီးလုပ်ထားရတာပါ
အဲ့တာတောင် သူ့တို့အဖွဲ့နဲ့မလုပ်လို့ မီးလွှတ်မပေးပဲ ညစ်နေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်မီးမပေးတဲ့ ကိုယ်ထူကိုယ်ထစနစ်လုပ်ခဲ့တဲ့ ကျေးရွာ ၃ ရွာမှာ အနည်းဆုံး အိမ်ခြေ ၅၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Ayeyarwaddy_Times