
(တမူး)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီတပ်သည် ဘန်ကာများနှင့် ကတုပ်ကျင်းများတူး၍ စစ်ရေးပြင်ဆင်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလည်း ဆောင်ရွက်နေကြောင်း ဒေသခံများထံက သိရသည်။
တမူးမြို့သိမ်းတိုက်ပွဲအတွက် ဒေသခံကာကွယ်ရေးတပ်များက ပြင်ဆင်ဆောင်ရွက်နေကြောင်း ဧပြီ ၂၀ ရက်နေ့တွင် ပြည်သူများကို အသိပေးပြောဆိုပြီးနောက် စစ်ကောင်စီတပ်က ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယမန်နေ့ ဧပြီ ၂၄ ရက်နေ့၊ နေ့လယ် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးသည် တမူးမြို့တွင်း ပျံဝဲပြီးနောက် အရပ်သားများနေထိုင်သည့် အလှော်ကျေးရွာအနီးကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မြို့ထဲမှာ စစ်သားတွေခြေရှပ်နေကြတယ်။ ဘန်ကာတွေ ဆောက်တယ်။ ကတုပ်ကျင်းတွေ တူးကြတယ်။ သူတို့နေတဲ့နေရာတွေ၊ စခန်းတွေမှာလည်း လက်နက်ကြီးတွေ တပ်ဆင်ထားတယ်။ မနေ့ကဆို မြို့ထဲ လေယာဥ်ဝဲနေတယ်။ ပြီးမှ အလှော်ရွာမှာ ဗုံးကြဲသွားတယ်။ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်” ဟု တမူးမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က ဘန်ကာနှင့် ကတုပ်ကျင်းတို့ တည်ဆောင်ရာတွင် လူနေထိုင်ခြင်းမရှိသည့် စစ်ဘေးရှောင်နေအိမ်များ ဖြိုပျက်၍ သစ်၊ ဝါး၊ ပျဥ်၊ သွပ်တို့ကို အသုံးပြုကြောင်း သိရှိရသည်။
ထို့အပြင် တမူးမြို့အဝင်အထွက်နေရာနှင့် တခြားတော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာနိုင်သည့်နေရာများအားလုံးကို စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံများဖြစ်သည့် ပျူစောထီး၊ ရှမ်းနီ၊ နာဂ ပူးပေါင်းအဖွဲ့တို့မှ တင်းကြပ်ထားသည်။
“တမူးမြို့ထဲ နေရာတွေမှာ စကစတွေများတယ်။ မြို့အဝင်အထွက်၊ မြို့အပြင်က စခန်းတွေမှာတော့ ပျူစောထီး၊ နာဂ၊ ရှမ်းနီးတပ်တွေများတယ်။ အဲ့နေရာတွေမှာ စကစ အင်အား သိပ်မရှိဘူး။ အခုမြို့အဝင်အထွက်ကိုလည်း တင်းကျပ်ထားတယ်။ တခြားအဝင်အထွက်နေရာတွေကိုလည်း တင်းကျပ်ထားတယ်” ဟု တမူးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း တမူးမြို့ ကုန်သွယ်စီးဆင်းမှုကို ဧပြီ ၂၀ ရက်နေ့မှစ၍ ပိတ်ပင်ထားပြီး လက်ရှိ တမူးမြို့တွင် အခြေခံ စားသောက်ကုန်များ ပြတ်လပ်နေကာ ကုန်စျေးနှုန်းမြင့်တက်နေကြောင်း သိရှိရသည်။
“မြို့သိမ်းတိုက်ပွဲ ပြင်ဆင်နေတာကြောင့် သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်ထားတာလို့ PDF တွေက ပြောပါတယ်။ ပြီးတော့ စကစ ဆီ ရိက္ခာတွေ မရောက်ဖို့လို့ပြောပါတယ်။ တမူး ကုန်သွယ်ရေး လမ်းကြောင်းတွေကို PDF တွေက ထိန်းချုပ်တဲ့အတွက် အခုမြို့ထဲမှာ ဘာကုန်စည်မှမရောက်နိုင်တော့ဘူး။ တချို့ကုန်စည်တွေက စတင်ပြတ်လပ်နေပါပြီ။ ဆန်ကတော့ ဒေသခံတွေ သိုလှောင်ထားတာရှိသေးတဲ့အတွက် လောလောဆယ်ရှိသေးပါတယ်” ဟု တမူးမြို့ခံကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တမူးခရိုင်ရှိ တမူးမြို့ကို စစ်ကောင်စီကထိန်းချုပ်ထားပြီး ခမ်းပတ်နှင့် မြို့သစ်မြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။
#တမူးမြို့သိမ်းသတင်း #စစ်ကောင်စီ #စစ်ရေးပြင်ဆင် #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times