ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဧပြီ ၂၄ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်၊ အညာတန်းကြီးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ဆိုင်တစ်ခုတွင် ထမင်းစားနေသည့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၂၀ ဝန်းကျင်ကို သာယာဝတီခရိုင် တပ်ရင်း -၃၈၀၂၊ တပ်ခွဲ-၂ မှ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စိန်ကန့်လန့် ကျေးရွာ အခြေစိုက် ခလရ-၁ တပ်ရင်းမှ တပ်သားများ နှင့် ပျူစောထီး များဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များလာရောက်ချိန်တွင် ထွက်ပြေးကြသည့်အတွက် လိုက်လံတိုက်ခိုက်ရာ ရှစ် ဦးသေဆုံးခဲ့ပြီး လေး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်ရှိ ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ် လိုက်လံစုဆောင်းနေကြောင်း သတင်းရရှိသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် အဆိုပါစစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခုပြန်သိရတာက အဲ့ဒီအဖွဲ့တွေက တိုင်းမှူးလမ်း ကြောင်း လုံခြုံရေးယူပေးနေတာတဲ့။ ကျွန်တော်တို့ဘက်က ပြည်သူတွေရှိနေတဲ့အတွက် ထမင်းဆိုင်ထဲတော့မပစ်ခဲ့ဘူး။ သူတို့ထွက်ပြေးကြတဲ့နောက်လိုက်ပစ်တာ နှစ် ယောက်က အပြင်မှာသေတယ်။ ဆယ်ယောက်ကို မင်းလှ ဆေးရုံပို့လိုက်ရပြီး အဲ့မှာ ခြောက် ယောက် သေသွားတယ်လို့ သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီက ထိခိုက်မှုများခဲ့သည့် အတွက် အဆိုပါနေ့တွင်ပင် Mi-35 ရဟတ်ယာဉ်ဖြင့် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို ဗုံးကိုးလုံးအထိကြဲချပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ရင်းများနှင့် လက်အောက်ခံတပ်စခန်းများမှနေ၍ လက်နက်ကြီးဖြင့် နေ့စဉ် တစ်နေကုန်နီးပါး ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် မင်းလှမြို့နယ် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်မှုများပြုလုပ်နေရကြောင်း သိရသည်။

လက်ရှိတွင် မင်းလှမြို့နယ်၌ နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီဘက်မှလည်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးရန်ဟုဆိုတာ တပ်အင်အား ၃၀၀ ဝန်းကျင်ကို သာယာဝတီအခြေစိုက် ခလရ-၃၅ တပ်ရင်းသို့ အင်အားဖြည့်တင်းထားကြောင်းလည်း သိရသည်။

သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂ မှလည်း ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များအနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန်နှင့် လေကြောင်းတိုက်ခိုက်မှုများကိုလည်း အထူး သတိထားကြရန် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့
#မင်းလှ #စစ်ကောင်စီ #ပျူစောထီး #တိုက်ခိုက်ခံရ #သေဆုံး #PDF #Ayeyarwaddy_Times