နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)အခြေစိုက်ရာ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ရရှိခဲ့သော်လည်း တိုက်ခိုက်မှုများ မပြုလုပ်ရန် တရုတ်အစိုးရ စောင့်ကြည့် သွားမည်ဖြစ်ပြီး ကျန်ရှိနယ်မြေများကို ကိုးကန့်တပ် (MNDAA) က အုပ်ချုပ်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် လားရှိုးမြို့အပါအဝင် ကိုးကန့်ဒေသကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ဝေဟင်ပစ်ခတ် တိုက်ခိုက်မှုများနှင့် တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်တိုက်ယူနိုင်ခြင်းမရှိဘဲ တရုတ်အစိုးရ၏ ဖိအားပေး ကြားဝင်စေ့စပ်မှုကြောင့်သာ လားရှိုးမြို့ကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

“လားရှိုးက စစ်ကောင်စီအောက် ပုံမှန်အုပ်ချုပ်ရေး ပြန်သွားပါမယ်။ တရုတ်ကတော့ နယ်စပ်လမ်းမကြီး ပြန်ဖွင့်ဖို့လုပ်မယ်။ ဒီအတွက် ကိုးကန့်ဖက်ကတော့ သူတို့ကို တိုက်ခိုက်မှုတွေ မရှိတော့ဘဲ နယ်မြေအချို့ရပါလိမ့်မယ်” ဟု စစ်ကောင်စီ၊ MNDAA နှစ်ဖက်စလုံးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အတွက် စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် ကိုးကန့်တပ်မတော်(MNDAA) တို့အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက်သဘောတူညီမှုအရ လက်ရှိတွင် လားရှိုးမြို့တွင်းသို့ စစ်ကောင်စီတပ်အင်အား စေလွှတ်ထားကြောင်း သိရသည်။

MNDAA အနေဖြင့် ၎င်းတို့၏ ကိုးကန့်ဒေသကို တရုတ်အစိုးရက ဖိအားပေးနေပြီး စစ်ကောင်စီကလည်း စစ်ရေးအရ အမြဲဖိနှိပ်နေသဖြင့် လားရှိုးမြို့အား အပေးအယူလုပ် လက်လွှတ်ခြင်းဟု ယူဆ၍ရ ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

“လားရှိုးကို သူအနေနဲ့ ထိန်းသိမ်းထားနိုင်ဖို့ ခက်ပြီးတော့ သူ့ရဲ့ကိုးကန့်ဒေသမှာလည်း အခြားအကျပ် အတည်းတွေနဲ့ ရင်ဆိုင်လာနိုင်စရာရှိတဲ့အတွက် တရုတ်ရဲ့ စောင့်ကြည့်မှုကို အခုအချိန်မှာ လက်ခံတယ်။ လားရှိုးမြို့ကို ပြန်အပ်မယ်လို့ ကျွန်တော်တို့ကြားတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ လက်ရှိထိတိုင် နှစ်ဖက်စလုံးမှ ထုတ်ပြန်လာခြင်း မရှိသေးသော်လည်း တရုတ်အစိုးရကမူ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်နှင့် ၎င်းတို့၏အဖွဲ့တစ်ဖွဲ့ လားရှိုးမြို့သို့ စေလွှတ်ထားသည်ဟု ပြောဆိုလာကြောင်း သိရသည်။

အဆိုပါ တရုတ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မည့်အဖွဲ့ကို အထူးသံတမန် တိန့်ရွှီကျင်းက ဦးဆောင်ထားပြီး စစ်ကောင်စီ၏ စစ်ဆင်ရေးအထူးအဖွဲ့(စကထ)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးအဖွဲ့၊ MNDAA ထိပ်ပိုင်းခေါင်းဆောင်တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးနေကြောင်း သိရသည်။

“သူတို့ ဆွေးနွေးတာက မပြီးသေးဘူး၊ မနေ့ကလည်း ထပ်တွေ့ကြတယ်။ အဓိကကတော့ လားရှိုးကို အုပ်ချုပ်မယ့် ပုံစံပါပဲ၊ ဘယ်ရုံးတွေမှာ ဘယ်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲဆိုတဲ့ ကိစ္စပါပဲ” ဟု ထိုအကြောင်း သိရှိထားသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တရုတ်အထူးသံတမန် တိန့်ရွှီကျင်း ဦးဆောင်သော အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မည့် အဖွဲ့သည် လားရှိုးမြို့၌ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ကာ ရုံးထိုင်၍ မြို့ချောမွေ့ စွာ လွှဲပြောင်းပေးနိုင်သည် အထိ ရှိနေမည်ဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

#စစ်ကောင်စီ #လားရှိုးမြို့ #ပြန်လည်ရရှိခဲ့ #တိုက်ခိုက်မှုများ #တရုတ်စောင့်ကြည့် #Ayeyarwaddy_Times