ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်ငလျင်လှုပ်ခတ်မှုကြောင့် မိုဘိုင်း ဆက်သွယ်ရေးစခန်း ၆၀၀၀ ကျော်ပျက်စီးသွားပြီးပြန်လည်ပြုပြင်နေရာတွင် ၂၀၀ ကျော်ပြုပြင်ရန် ကျန်ရှိနေကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။

အင်းအားပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် မိုဘိုင်ဆက်သွယ်ရေးစခန်း ၆၇၃၀ ချွတ်ယွင်းပျက်စီးခဲ့ သောကြောင့် အော်ပရေတာများက ပြန်လည်ပြုပြင်ရာတွင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် အော်ပရေတာစခန်း ၆၄၅၇ အထိပြင်ဆင်ပြီးစီးကာ ၂၇၃ ခုကျန်ရှိကြောင်း စစ်ကောင်စီထံမှ သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင် မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများပြတ်တောက်မှု ကြောင့် ငလျင်ဘေးဒဏ်သင့်မြို့ခံများအပါအဝင် မိသားစု၊ မိတ်ဆွေ၊ ဆွေမျိုးများထံ သာရေးနာရေး မေးမြန်းရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

“ငလျင်လှုပ်ပြီး သုံးရက်လောက်အထိ ကျွန်တော့်အမေနဲ့အဆက်အသွယ်မရဘူး။ တိုက်တွေ ပြိုကျတော့ လမ်းတွေပိတ်နဲ့ ကိုယ်အိမ်နားမှာလည်းဖြစ်နေတော့ ဘယ်မှထွက်မရသေးဘူး။ အမေက သပ်သပ်နေတော့ အမေ့အကြောင်းတွေအမျိုးမျိုးသတင်းကြားနေရတယ်။ သေသွားတယ်တို့။ ကယ်ဆယ်ရေး စခန်းရောက်နေတယ်တို့။ နောက်မှနည်းနည်းငြိမ်သွားမှ လူကိုယ်တိုင် အမေ့အိမ် သွားတော့ အိမ်ကနည်းနည်းပဲ ယိုင်ပြီး အက်သွားတယ်။ အမေဘာမှမဖြစ်ဘူးလို့တော်သေးတယ်” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိချိန်ထိ မန္တလေးမြို့အပါအဝင်ငလျင်ဒဏ်ထိမြို့များတွင် ဆက်သွယ်ရေးခက်ခဲနေပြီး နိုင်ငံ တစ်ဝန်းရှိ အော်ပရေတာစခန်းများတွင် MPT ၈၈ စခန်း၊ Atom ၁၁၅ စခန်း၊ Mytel ၂၁ စခန်း ပြုပြင်ရန်ကျန်ရှိ နေကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့လှုပ်ခတ်သော ငလျင်ကြောင့် တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် သေဆုံးသူ ၃၇၅၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၇ ဦး နှင့် ပျောက်ဆုံးသူ ၁၁၄ ဦးရှိကြောင်း ဧပြီ ၂၃ ရက်နေ့အထိ စစ်ကောင်စီ၏ ဖော်ပြချက်အရသိရသည်။

ထို့ပြင်အဆောက်အအုံများအတွင်းပိတ်မိနေသူများကို ကယ်ဆယ်ရာတွင် အသက်ရှင်သူ ၆၅၃ ဦးရှာဖွေတွေ့ရှိပြီး အသက်သေဆုံးသူ ၇၆၇ ဦးရှာဖွေနိုင်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-မန္တလေးတွင် ငလျင်ဒဏ်ကြောင့် ပြိုကျနေသည့် အဆောက်အဦများကို တွေ့မြင်ရစဉ်
#၂၀၂၅မြန်မာငလျင် #လှုပ်ခတ် #မိုဘိုင်းဆက်သွယ်ရေးစခန်း #ပျက်စီး #ပြုပြင်ရန် #၂၀၀ကျော်ကျန် #Ayeyarwaddy_Times