(မီဇိုရမ်)၊ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလေခရိုင်တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ အိန္ဒိယ ရူပီ သိန်း ၆၀,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မြန်မာစစ်ဘေးရှောင်များထံက သိရသည်။

မြန်မာပြည်မှ သယ်ဆောင်လာသည့် အလေးချိန် ၉၀.၄၅ ဂရမ်ရှိ ဘိန်းဖြူများကို ဧပြီ ၂၂ ရက်နေ့တွင် မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်အဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်ကနေ မီဇိုရမ်ဘက် ကားနဲ့သယ်ဆောင်လာတဲ့ သတင်းရလို့ မီဇိုရမ်အာဏာပိုင်အဖွဲ့တွေက ဘိန်းဖြူနဲ့အတူ တရားခံကိုတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်”ဟု လုံလေခရိုင်ရှိ မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှ အသက် ၄၂ နှစ် ဒေါ်မာလ်ဆောမ်ဇွာလ်လီးနှင့် ၎င်း၏သားဖြစ်သူ အသက် ၂၃ နှစ် ဆလိုင်းလာလ်ဗျက်လျန်နာတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားခံသားအမိနှစ်ဦးကို ရဲတပ်ဖွဲ့က အရေးယူမူဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် လုံလေခရိုင် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

“လောလောဆယ် ရဲစခန်းမှာပဲ ရှိသေးတယ်။ စစ်ဆေးနေသေးတယ်။ ပြီးရင် နိုင်ငံခြားသား ဥပဒေ၊ မူးယစ်ဆေးဝါး ဥပဒေတွေနဲ့ တရားစွဲဆိုနိုင်ပါတယ်။ အခုနောက်ပိုင်း မူးယမ်းဆေးဝါးနဲ့ပတ်သက်ပြီး အာဏာပိုင်အဖွဲ့တွေ တင်းကျပ်တာ တွေ့ရတယ်” ဟု လုံလေခရိုင်မှ မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများနှင့်အတူ မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။

#မီဇိုရမ် #မြန်မာနိုင်ငံသားနှစ်ဦး #ရူဘီသိန်း၆၀၀၀၀ကျော်တန်ဖိုးရှိ #ဘိန်းဖြူများဖမ်းမိ #Ayeyarwaddy_Times