
ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ မြောက်စမ်းအမြောက်တပ် ၃၄၄ တွင် စစ်ကောင်စီက အင်အားစုဖွဲ့ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် အပစ်ရပ်စဲထားသည့်ကာလအတွင်း အမြောက်တပ် ၃၄၄ အတွင်းသို့ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ စစ်အင်အား ၃၀၀ ခန့် စုဖွဲ့ပို့ဆောင်၍ ခံစစ်ပြင်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“၃၄၄ တပ်ထဲကို အင်အားသစ်တွေစုဖွဲ့ပြင်ဆင်ထားပေမယ့် တပ်ရှေ့မျက်နှာစာမှာတော့ အရင်လူအို၊ လူဟောင်းတွေနဲ့ စစ်ရေးပြင်ထားတဲ့ သဘောမျိုးဖြစ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စုဖွဲ့ပို့ဆောင်ခံရသည့် အင်အားများမှာလည်း စစ်သင်တန်းအမှတ်စဉ် (၉) နှင့် အမှတ်စဉ် (၁၀) မှ သင်တန်းဆင်းတပ်သားများဖြစ်ပြီး တပ်ရင်းရှေ့လုံခြုံရေးယူသည့်နေရာတွင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် တပ်သားများကို ပြန်ခေါ်၍ သုံးထားခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ် မဆရ-၄ တွင် ရှေ့တန်းမှဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ပူတိုက်ကုသမှုပေးပြီးနောက် မြောက်စမ်းအမြောက်တပ်သို့ ပို့ဆောင်နေသည့်အတွက် ဆေးရုံမှဆင်းပြေးသူများလည်း ရှိနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့ကလည်း သီတာကုန်းပြင်နှင့် စဉ့်အိုးကွဲရွာရှိ ကုန်စုံဆိုင်ပိုင်ရှင်နှစ်ဦး ဆန်အိတ်များတင်ဆောင်လာသည်ကို စစ်ကောင်စီက အကြမ်းဖက်ထောက်ပို့ဟုစွပ်စွဲ၍ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့အတွင်း အမတ- ၃၄၄ အနီး စစ်ရေးတင်းမာသည့် အခြေအနေရှိနေသည့်အတွက် စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အမိန့်ဟုဆိုကာ ကုန်သည် ၁၁ ဦးအထိ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ရေကြည်မြို့ပေါ်ရှိ ရွှေလုပ်ငန်းရှင်များကိုလည်း နေပြည်တော်သို့ဆင့်ခေါ်ပြီး စစ်ဆေးမှုများရှိနေသည်ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက် ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည့် အတွက် ကျေးရွာဒေသခံများ မြို့ပေါ်သို့ စစ်ရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပုံဟောင်း
#ဧရာဝတီတိုင်း #ရေကြည် #အမြောက်တပ်၃၄၄ #ခံစစ်ပြင်ဆင် #ဆေးရုံတပ် #တပ်သားဟောင်း #ရှေ့တန်းပို့ #Ayeyarwaddy_Times