
ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ရက်
အပစ်ရပ်သက်တမ်းကို တစ်ပတ်ထပ်မံတိုးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် ကချင်ပြည်နယ်အတွင်းကို စစ်အင်အားတိုးချဲ့ပို့ဆောင်မှုများ လုပ်ဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက် မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၂၄ရက် နေ့လယ် ၁၁နာရီ ၄၀မိနစ်ခန့်က အင်းတော်ကြီးဒေသ တုံပင်ကျေးရွာနှင့်ဆနွင်းကုန်းရွာဘက်ကို လေယာဉ်နှင့်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“တုံပင်ဘက်မှာ ထိတွေ့တိုက်ပွဲရှိတယ်။ အင်အားပို့တာတော့ ဖားကန့်ဘက်ကိုပို့တယ်။ လဝါးဘက်လည်း အခြေအနေတင်းမာနေပါတယ်။ တပ်မဟာ ၈ ဘက်ပါ စစ်ရေးရောက်မယ့်အနေအထားပါ” ဟု ကချင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာဘက်ကို စစ်ယာဉ်တန်း ၁၆ စီးထိ ပို့ထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ထိတွေ့တိုက်ပွဲများရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖားကန့်နှင့် အင်းတော်ကြီးဘက်သို့လည်း စစ်ကောင်စီက အင်အားထောင်ချီဖြင့် စစ်ကြောင်းများ ခွဲကာ ထိုးစစ်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဒေသတွင်းသတင်းမီဒီယာများကို ဖြေကြားထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၂၂ရက်နေ့က နန့်မွန်းမြို့ရှိ ဆနွင်းကုန်း၊ အင်းသာ၊ ဟဲပု၊ ဟဲပါး၊ နတ်မောက်ကန်ရွာများကို လေကြောင်းတိုက်ခိုက်ပြီး ရွာသစ်ကြီး စခန်းမှနေ၍လည်း လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဧပြီ ၁၁ရက်နေ့က ဖြစ်ပွားခဲ့သည့် နန့်မွန်းမြို့ ဆနွင်းကုန်းတိုက်ပွဲတွင် ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် ကိုစိုင်း ဆိုသူသေဆုံးခဲ့သည့်အတွက် SNA ဘက်မှ အင်တိုက်အားတိုက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် အပစ်ရပ်ကာလကို မူလက သုံးပတ်ကြာရပ်စဲထားပြီးနောက် ဧပြီ ၂၃ရက်မှ ဧပြီ ၃၀ရက်နေ့အထိ တစ်ပတ်ကြာ သက်တမ်းထပ်တိုးခဲ့ကြောင်း ထပ်မံထုတ်ပြန်၍ ဖားကန့်နှင့် အင်းတော်ကြီးဘက်တွင် လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက် ရှိသည်။
တိုက်ပွဲများကြောင့် ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းလမ်းများကို ခေတ္တခဏ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#မိုးညှင်း #စစ်ကောင်စီ #အင်အားတိုးချဲ့ #စစ်ရေးတင်းမာ #လေယာဉ် #ဗုံးကြဲ #Ayeyarwaddy_Times