ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၃ ရက်

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ မင်းသားကျေးရွာ အုပ်စုအတွင်း ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရေဖြူမြို့နယ် ၊ မင်းသားကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲ မှာ စစ်ကောင်စီဘက်က မျက်မြင်ပေါ့နော်၊ ခြောက်ယောက်သေတယ်။ အလောင်းတွေပုံ ထားတယ်။ ကျွန်တော်တို့ဘက်က စောင့်ပြီး ပစ်တော့ သူတို့ဘက်က အထိနာတာပေါ့။ တိုက်ပွဲ ပြီးတော့ အင်အားကမမျှဘူးပေါ့။ စစ်ကောင်စီ ဖက်က အင်အားအလုံးအရင်း နဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်လာတယ်။ လောလောဆယ် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ခံစစ်ပုံစံ အနေအထားနဲ့စောင့်ကြည့်နေပါတယ်”ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိ သူ နိုင်နဂါးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်သုံးဦး မစိုးရိမ်ရ တဲ့ ဒဏ်ရာ ရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံမှ သိရသည်။

“ကျွန်တော်တို့ ပူးပေါင်း တပ်တွေဘက်က သုံးယောက်ဒဏ်ရာရတယ်။ ဦးခေါင်းမှာ ကျည်ရှပ်ထိဒဏ်ရာ ရတာက တစ်ယောက် နဲ့ ခြေထောက်မှ ထိတာက နှစ်ယောက်ပါ။ မစိုးရိမ် ရပါဘူး ။သာမန်ဒဏ်ရာပါပဲ။ အခုတော့ ဆေးကုသမှုခံယူနေတယ်”ဟု နိုင်နဂါးက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်များ သည် လက်လွှတ်ဆုံးရှုံးထားရသည့် ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး ပြန်လည်စိုးမိုးထိန်းချုပ် နိုင်ရန်အတွက် စစ်အင်အား ဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်လာနေကြောင်း သိရသည်။

“မကြာခင် မိုးတွင်းရောက်တော့မယ် ဆိုတော့ စစ်ကောင်စီတပ်တွေက ရေကြောင်းကို သိပ်အသုံးပြုလို့ မရတော့ဘူးလေ။ လှိုင်းကြီး၊ လေကြီး နဲ့ဆိုတော့ သူတို့အခက်ခဲဖြစ်ကြတာပေါ့။ သယ်ယူပို့ဆောင် ရေးအတွက်လည်း မိုးတွင်းဆို အဆင်မပြေဘူး။ ဒါကြောင့် ကုန်းလမ်း ကနေပြီး သယ်ယူပို့ဆောင် ရေးတွေ ပြန်လုပ်ဖို့ အခုလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာ လို့ယူဆရတယ်”ဟု MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး က ဆိုသည်။

မင်းသားကျေးရွာ အုပ်စုအတွင်းသို့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းထား၍ တော်လှန်ရေး အင်အားစုများနှင့် စစ်ရေးတင်းမာမှုများရှိနေသဖြင့် မင်းသားအုပ်စု နှင့် နတ်ကြီးစင်အုပ်စုရှိ မင်းသား ၊လယ်ကြီး ၊ ဆင်စွယ် ၊ စိန်ဘုံ ၊ ဘုရားသုံးဆူ အစရှိသည့်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင် နေရကြောင်း သိရသည်။

ဓာတ်ပုံ – မွန်ပြည်တော်လှန်ရေးတပ် (MSRF)
#ရေဖြူမြို့နယ် #မင်းသားရွာတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၆ဦးသေဆုံး #Ayeyarwaddy_Times