ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၃ ရက်

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊မင်းသားကျေးရွာအုပ်စု ၊ စိန်ဘုံရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သော လက်နက်ကြီးကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးပြီး တိုက်ပွဲကြောင့် ရွာသားများ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

မင်းသားရွာ တွင် တော်လှန်ရေး တပ်များ နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နံနက်ပိုင်း မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီ ၂၂ ရက်နေ့ အထိ နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဧပြီ ၂၂ ရက် နံနက် ၂ နာရီခန့်က မင်းသားရွာအုပ်စု အတွင်းသို့ လက်နက်ကြီးဖြင့် အဆက် မပြတ်ပစ်ခတ်မှုကြောင့် စိန်ဘုံရွာရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအများအပြား နီးစပ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရသည်။

“ညသန်းခေါင်ယံအချိန်ကြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ စိန်ဘုံရွာက နေအိမ်အချို့ ထိခိုက်ပျက်စီးတယ်။ရွာထဲက အချို့လူတွေလည်း ဒဏ်ရာအနည်းငယ်ရကြတာတွေ ရှိတယ်။ အခုက ရွာတွေထဲမှာ လူမရှိကြတော့ဘူး။နီးစပ်ရာမှာ ထွက်ပြေးခိုလှုံနေကြရတယ်။ ဘယ်အချိန်မှ ရွာကို ပြန်ဝင်ရမလဲမသိသေးဘူး” ဟု စိန်ဘုံရွာ ဒေသခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။

စိန်ဘုံရွာသည် အိမ်ခြေ ၃၀ ခန့်သာရှိသော ရွာငယ်လေးဖြစ်ပြီး လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် ကျေးရွာဒေသခံတချို့မှာ တောထဲတွင် ပုန်းခိုနေကြရပြီး လက်လှမ်းမှီသူများမှာ မွန်ပြည်နယ် ၊ ရေးမြို့ ၊ ချောင်းတောင်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် နေကြရကြောင်း သိရသည်။

ယင်း အပြင် ဒေသခံများ တိုက်ပွဲကြောင့် တောထဲတွင် စစ်ဘေးရှောင်နေရသော်လည်း စစ်ကောင်စီတပ် နဲ့ တွေ့ရင် ဒေသခံများကို တောထဲမှာ စစ်ရှောင်ရင် ပြည်သူ့ကာကွယ်ရေးတပ်များကို အားပေးထောက် ခံသည်ဟုဆိုကာ ပစ်ခတ်ဖမ်းဆီးမှုတွေလည်းရှိကြောင်း ဒေသခံများကဆိုသည်။

“ရွာထဲမှာ တိုက်ပွဲဖြစ်နေလို့ တောထဲမှာစစ်ဘေးရှောင်နေရတယ်။ ရွာထဲမှာ ဘယ်သူမှနေလို့မရဲ တော့ဘူးလေ။ အဲ့ဒါကို တောထဲမှာ စစ်ရှောင်ရင်း စစ်တပ်နဲ့တွေ့တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အားပေးတယ်ဆိုပြီး သေနတ်နဲ့ပစ်လိုက်တာကောင်လေးတစ်ယောက် ကျောကုန်းကိုထိသွားတယ်။ တောရွာမှာနေတာ တောထဲမှာ စစ်မရှောင်လို့ ဘယ်မှာရှောင်ရမလဲ” ဟု စစ်ရှောင်နေရသည့် စိန်ဘုံရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်၍ ကျောကုန်းတွင် သေနတ်ဒဏ်ရာရရှိခဲ့သူသည် မွန်ပြည်နယ် ၊ ရေးမြိုမှနေ၍ စိန်ဘုံရွာတွင် ရာဘာစီး လာလှီးသူဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် မင်းသားကျေးရွာအုပ်စုကို ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများပါ ဖြတ်တောက် ထားသောကြောင့် ဒေသခံများ ဆက်သွယ်မှု ခက်ခဲဖြစ်နေကြရသည်။

မင်းသားကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုများလုပ်နေသဖြင့် တော်လှန်ရေးတပ်များ နှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲကြောင့် ကျေးရွာ ခုနစ် ရွာခန့် က လူဦးရေရာနှင့်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ ၊ ဧရာဝတီတိုင်းမ်

ပုံစာ ၊ ဧပြီ ၂၁ ရက်နေ့ မင်းသားကျေးရွာ အုပ်စုအတွင်းက စစ်ဘေးရှောင်နေရသော ဒေသခံများ နှင့် ဧပြီ ၂၂ ရက်နေ့က စိန်ဘုံ ရွာက ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။
#ရေဖြူမြို့နယ် #စိန်ဘုံရွာ #စစ်ကောင်စီတပ် #ပစ်ခတ် #လက်နက်ကြီး #နှစ်ဖက်တိုက်ပွဲများ #ဒေသခံအများအပြား #စစ်ဘေးရှောင် #Ayeyarwaddy_Times