ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ စစ်ဘက်ဆိုင်ရာရုံးများတွင် စစ်ကောင်စီက ခံစစ်အခိုင်အမာပြင်ဆင် နေပြီး ဘန်ကာများဆောက်လုပ်နေကြောင်း သိရသည်။

ပုသိမ်မြို့နယ်၊ တိုင်းအစိုးရရုံး၊ ရဲစခန်းများ၊ တပ်ရင်းများတွင် ဘန်ကာ၊ ကတုတ်ကျင်းများကို ယခု ဧပြီလအတွင်းက အခိုင် အမာဆောက်လုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ပုသိမ်မြို့ပေါ်ကို ဂျက်ဖိုက်တာတွေရော Y 12 တွေနဲ့ပါ တစ်နေ့ကို လေးကြိမ်လောက် ကင်းပတ် ပျံနေတာ။ ညဘက်တွေဆိုလည်း စစ်ကားတွေနဲ့ ကင်းပတ်တာတွေရှိတယ်။ ပုသိမ်(ပလခ)ကနေ လေယာဉ်ပျံတက်မှုက တစ်နေ့ကို လေးငါးကြိမ်ထက်မနည်းရှိပါတယ်”ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကတုတ်ကျင်းများနှင့် ဘန်ကာများကို ပုသိမ်မြို့ လမ်း ဆုံ၊ လမ်းခွနေရာအချို့နှင့် တိုင်းတရားရုံး၊ ဧရာရွှေဝါခန်းမတို့တွင် သဲအိတ်ဘန်ကာများကာ၍ အုတ်ဖြင့်နှစ်ထပ်ဘန်ကာများကိုလည်း အခိုင်အမာ ဆောက်လုပ်ပြီး ခံစစ်ပြင်ဆင်နေကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။

ရဲခစန်းတစ်ခုစီတွင် ဘန်ကာငါးခုထက်မနည်းဆောက် လုပ်ကာ ကတုတ်ကျင်းများပါတူးထားပြီး ကမ်းနားရေကင်းစခန်းတစ်ခုတွင် ဘန်ကာငါးခုထက်မနည်း ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အမှတ် (၆) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆) ရွှေမြင်တင်တွင် ယမန်နေ့ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်မှုထမ်းတပ်သားသစ်များအတွက် စစ်အခြေခံသင်တန်းဖွင့်ပြုလုပ်ခဲ့ပြီး တစ်လတာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းသင်တန်းသားသစ်များကိုလည်း ပုသိမ်တပ်များတွင် ကြာရှည်မထားဘဲ ရက်တို သင်တန်း ပေးကာ ရှေ့တန်းပို့ဆောင်နေသည့်အတွက် ထွက်ပြေးသူများနှင့် သေဆုံးသူများ များပြားလျက် ရှိကြောင်း ဒေသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ- သတင်းအထူးတပ်ဖွဲ့ပုသိမ်
ပုံစာ- ပုသိမ်မြို့အတွင်း ဘန်ကာဆောက်၊ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့များ
#ဧရာဝတီတိုင်း #ပုသိမ် #စစ်ဘက်ဆိုင်ရာရုံး #စစ်ကောင်စီ #ခံစစ် #အခိုင်အမာပြင်ဆင် #Ayeyarwaddy_Times