ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် GKO တောင်းဆို (အမျိုးသမီးကဏ္ဍ-သတင်း)

(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာရှိ ခူမီးအမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် (AA) မှ အရာရှိတစ်ဦးနှင့်အတူ ရဲဘော်တစ်ဦးတို့မှ အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ရန်ကြံစည်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စိမ်းစင်းကျေးရွာရှိ အသက် ၂၃ နှစ်အရွယ် ခူမီးအမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့၊ နံနက် ၉ နာရီခန့်က ယာခင်းထဲသို့ ဟင်းသွားခူးရာတွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“အခင်းထဲမှာ ဟင်းခူးဖို့ ကလေးကိုထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားတာ။ အတော်တန်ကြာတဲ့ အထိ ပြန်မလာသေးလို့ ယောက္ခမက လိုက်သွားတာဖြစ်ပါတယ်။ အဲ့ဒီမှာ ချွေးမဖြစ်သူကို အဓမ္မပြု ကျင့်ပြီး ချောင်းထဲမှာ ရေနစ်သတ်နေတာတွေ့လို့ ယောက္ခမက အော်ဟစ်ငိုကြွေး အကူအညီ တောင်းတာမှာ ပြန်လွတ်သွားတယ်” ဟု ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် ခူမီးအမျိုးသမီးသည် အသက်နှစ်နှစ်ကျော်အရွယ် နို့စို့ကလေးငယ်ရှိသည့် မိခင်တစ်ဦးဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူမှာ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူသည် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့်အတွက် ကြီးလေးသည့် ပြစ်မှု ဖြစ်ပြီး AA အနေဖြင့် ပွင့်လင်းမြင်သာမှုရှိအောင် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က တောင်းဆိုထားသည်။

“AA ထိန်းချုပ်ထားတဲ့နယ်မြေမှာဖြစ်သလို AA ကိုယ်တိုင်ကျူးလွန်ထားတဲ့ အမှုလည်းဖြစ်ပါတယ်။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ကျူးလွန်ထားတဲ့အမှုဖြစ်ပြီး ကြီးလေးတဲ့ဇရာဝင်မှုတစ်ခုဖြစ်သလို လူ့အခွင့်ရေးချိုးဖောက်တာလည်းဖြစ်တယ်။ အမျိုးသမီးအတွက်တရားခံကို ထိရောက်စွာ အရေးယူ ပေးစေချင်တယ်။ တရားခံအား အရေးယူတဲ့ နေရာမှာလည်း ပွင့်လင်းမြင်သာမူရှိတဲ့ တရားစီရင်ရေး ဖြစ်စေချင်တယ်” ဟု GKO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA ထိမ်းချုပ်ထားသည့် ပလက်ဝမြို့နယ်တွင် ခြောက်လအတွင်း AA ကျူးလွန်သည့် အဓမ္မမှု အပါအဝင် အဓမ္မကျူးလွန်မှုနှစ်ကြိမ်ရှိပြီဖြစ်ကာ အများပြည်သူသိအောင် ဖွင့်မပြောရဲသည့် အဓမ္မမှုများလည်း ရှိနိုင်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

“Rape (အဓမ္မ) ကျူးလွန်ခံရတဲ့ Case (ဖြစ်စဉ်)က ဒါ ပထမဆုံး မဟုတ်ပါဘူး။ အဲဒီမတိုင်ခင်ကတည်းက ပလက်ဝမှာ ဒီလိုဖြစ်ရပ်မျိုးတွေကို AA အနေနဲ့ ယခင်ကတည်းက ကျူးလွန်ခဲ့ကြပေမယ့် ဘာအရေးယူခြင်းမှလည်း မရှိခဲ့ကြပါဘူး။ ဒါ့ကြောင့် AA အနေနဲ့ လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ ဒီမုဒိမ်းမှုလို Case တွေမှာ မုဒိမ်းမှုကျူလွန်သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်” ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ချင်းအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ကလေးမိခင် ချင်းအမျိုးသမီးတစ်ဦးကို AA ၏ စခန်းအနီး ချောင်းစပ် တစ်နေရာတွင် အသက်သေဆုံးလုနီးပါးအထိ အမည်မသိအဖွဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။

“ကျုးလွန်ခံရတဲ့ Victim (သားကောင်) ဖြစ်သွားတဲ့ ကလေးမိခင် အမျိုးသမီးနဲ့ပတ်သက်ပြီး သူခံစားနေရမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ ဆုံးရှုံးမှုအတွက် AA အနေနဲ့ အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလို တာဝန်ယူဖြေရှင်းတဲ့နေရာမှာလည်း AA တပ်တော်က ချမှတ်ထားတဲ့ မူဝါလမ်းနည်းစဉ်တွေအတိုင်း တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်မှာဖြစ်တယ်။ ဒီလို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားတဲ့ရာဇဝတ်မှုမျိုး ထပ်မံ မကျုးလွန်အောင် တင်းတင်းကျပ်ကျပ် ပြစ်ဒဏ်ပေးရမှာဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ AA ဟာ သူတို့ဆန့်ကျင်တော်လှန်နေတဲ့ စစ်အာဏာရှင်နည်းတူ ပြုမူလိုက်တာလို့ပဲ ယူဆရမှာဖြစ်ပြီး ရခိုင်လူထုအများစုနဲ့ ပြည်သူလူထုအများစုရဲ့ AA အပေါ်ထားတဲ့ ယုံကြည်မှုကိုအလွဲသုံးစား လုပ်တယ်လို့ပဲ သတ်မှတ်ရတော့မှာပါ” ဟု အမျိုးသမီးရေးလှုပ်ရှားသူ ခူမီးအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA အနေဖြင့် လက်ရှိ မှီတင်းနေထိုင်သည့် ပလက်ဝမြို့နယ်သည် ချင်းလူမျိုးအများစု၏ မူရင်း ဒေသဖြစ်ခြင်းကို မေ့မထားသင့်ကြောင်း၊ ပလက်ဝမြို့နယ်တွင် AA ရောက်ရှိလာခဲ့ချိန်မှစ၍ ပလက်ဝမြို့နယ်သည် စစ်ပွဲဒဏ်ကိုခံစားခဲ့ကြရသည့် Conflict Zone ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုဆက်သွယ် မေးမြန်းရာတွင် ယခုသတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် ဧရာ၀တီတိုင်းမ် အနေဖြင့် AA ၏ သဘောထားကို ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိပေ။

ပုံစာ-ပလက်၀မြို့မြင်ကွင်း
#ပလက်ဝမြို့နယ် #ခူမီးအမျိုးသမီး #AAအရာရှိတစ်ဦး #ရဲဘော် #အဓမ္မပြုကျင့် #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)