ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ဗာတီကန်နန်းတော်တွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သက်တော် (၈၈) နှစ်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အလေးအနက် စိတ်ဝင်စားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်ရေး နှင့် လူ့အခွင့်အရေး များအတွက် အစဉ်အမြဲတက်ကြွစွာ တောင်းဆိုခဲ့သူ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ပုပ်ရဟန်းမင်းကြီးဖရန့်စစ် ကွယ်လွန်ခြင်းနှင့် ပတ်သက် ၍ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် မြန်မာပြည်သူလူထုအပေါ် သနားညှာတာမှုနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းပေးခဲ့သည့်အပြင် အာဏာသိမ်းထားသည့်ကာလတွင်လည်း ပြည်သူများအတွက် ဆုတောင်း ပေးမှုများရှိခဲ့သည်ဟု NUG ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပုပ်ရဟန်းမင်းကြီးဖရန့်စစ် ကွယ်လွန်ခြင်း အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ဗာတီကန်သို့ ပေးပို့ခဲ့ ကြောင်း ၎င်းတို့ပိုင်မီဒီယာ များမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် မြန်မာ့နိုင်ငံရေးတွင် မတရားမှုကို အစဉ်အမြဲ ထုတ်ဖော်ပြောကြား ပေးခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့ပြီး ဗာတီကန်စစ်တီးတွင် ခိုလှုံခွင့် ပေးမည်ဖြစ်ကြောင်းလည်း ကမ်းလှမ်းမှုပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်ကလည်း မြန်မာပြည်သူများအတွက် စစ်မှန်သည့်မိတ်ဆွေတစ်ဦးဖြစ်သည့် ပုပ်ရဟန်း မင်းကြီး ကွယ်လွန်ခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

စစ်ကောင်စီက စတင်အာဏာသိမ်းစဉ်ကလည်း မြန်မာပြည်သူများတသားတည်းရှိကြောင်း၊ စစ်ကောင် စီက ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းများကို အဆုံးသတ်ရန်၊ နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေးရန် စသည့်ဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်မှ တိုက်တွန်း ပြောဆိုခဲ့ ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ပြင်းထန် စစ်ကိုင်းငလျင်တွင်လည်း ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ငလျင်ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးထင်ကျော်၊ ယခုစစ်ခေါင်းဆောင်မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်ကာ နိုင်ငံတကာအနေဖြင့် ရိုဟင်ဂျာအရေး ဝိုင်းဝန်းဖြေရှင်းကြရန်လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးတို့အတွက် အမြဲတိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံ အနာဂတ်အတွက် အပြုသဘောဆောင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာရန် မျှော်လင့်နေသူတစ်ဦး ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စျာပနကို အီတလီနိုင်ငံ ရောမမြို့ စိန့်ပီတာဘဆီလီကာ ရင်ပြင်တွင် ကျင်းပရန်စီစဉ်ထားပြီး ကမ္ဘာခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ပုပ်ရဟန်းမင်းကြီးဖရန့်စစ် #ကွယ်လွန် #မြန်မာ့နိုင်ငံရေး #NUG #သဝဏ်လွှာပေးပို့ #Ayeyarwaddy_Times