ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ရက်

အင်းတော်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် မိသားစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်သူများကို ဖမ်းဆီးရမိထားပြီး စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ပျူစောထီးများနှင့် စစ်ကောင်စီအဖွဲ့များကို ပြီးခဲ့သည့် ဧပြီ ၇ရက် အင်းတော်မြို့သိမ်း တိုက်ပွဲအတွင်းတွင် တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရရှိထားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

“တစ်ရွာတည်းသားချင်းတွေကို ဖော်ကောင်လုပ်ပြီး ဖမ်းတဲ့ ပျူစောထီးခေါင်းဆောင်တွေရော၊ ဖမ်းဆီးထားသူတွေကို ငွေညှစ်သတ်ဖြတ်တာလုပ်တဲ့အဖွဲ့တွေကိုရော စစ်မေးနေတယ်လို့ ကနဦး သိထားတယ်ပေါ့နော်။ အသေးစိတ်ကိုတော့ တိတိကျကျပြောမရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၈ရက်နေ့တွင် နတ်မဟုတ်ကြီးရွာမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာ၌ ပါဝင်ဦးဆောင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်းတို့ အဖွဲ့ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်းအပါအဝင် မြို့နယ်မှူး လှတင့်၊ ပျူ‌စောထီးခေါင်းဆောင် အောင်မြင့်နိုင်၊ ပျူစောထီးအဖွဲ့ဝင် အောင်းကုန်းရွာသားအောင်ဝင်း အပါအဝင် အဖွဲ့ဝင် ၃၈ယောက်တို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။

အင်းတော်တိုက်ပွဲတွင် တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် အင်အား ၁၈၀ကျော်တို့ ကသာမြို့သို့ထွက်ပြေးစဉ် တော်လှန်ရေးတပ်များကဖမ်းဆီး ရမိခဲ့သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်ကစတင်ခဲ့ပြီး လအတန်ကြာမြို့ကို ပိတ်ဆို့ထားပြီး နောက် ဧပြီ ၇ရက်တွင် နောက်ဆုံးကျန်နေသည့် ဂျပန်လှိုဏ်ဂူကုန်းရှိ တပ်မ (၇၇) ဦးဆောင်သည့် တပ်ဖွဲ့များကို တိုက်ထုတ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက မြို့ကိုထိန်းချုပ်နိုင်ခဲ့သည်။

ပုံစာ-အင်းတော်မြို့သိမ်းတိုက်ပွဲတွင်ပါဝင်သည့် ABSDF တပ်ဖွဲ့ဝင်များ

#အင်းတော် #တော်လှန်ရေးတပ်ဖွဲ့ #မိသားစုဝင် #သတ်ဖြတ် #ပျူစောထီးအဖွဲ့ #ဖမ်းမိ #Ayeyarwaddy_Times