(ဟားခါး)၊ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လက်နက်ပြခြိမ်းခြောက်၍ ငွေညှစ်လုယက်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင့် CDF-Hakha တာဝန်ရှိသူထံက သိရှိရသည်။

အဆိုပါ ရဲတပ်သားနှစ်ဦးကို ပြည်သူများထံမှ ငွေညှစ်လုယက်ထားသည့် စားသောက်စရာ မုန့်၊ အရက်ပုလင်း၊ ဖုန်း၊ ငွေသားများ၊ လက်နက်ခဲယမ်းအချို့နှင့်အတူ ဧပြီလ ၂၁ ရက်နေ့တွင် CDF-Hakha မှ အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ဟားခါးကို စကစတွေဟာ အရင်ကလို ရိက္ခတွေ မပို့ပေးနိုင်တော့ပါဘူး။ မြေပြင်ကနေ ရိက္ခာတွေ ပို့လို့မရတဲ့အခြေအနေမျိုးမှာ လေကြောင်းကနေလည်း မပို့ပေးနိုင်တော့ဘူး။ ဒီလိုမျိုးအခြေအနေမှာ သူတို့ရတဲ့ လစာနဲ့ကုန်စျေးနှုန်းတွေ မိသားစုစားဝတ်နေရေး အဆင်မပြေတော့ စျေးတွေဝယ်တဲ့ခါ ပိုက်ဆံမရှင်းဘူး။ နောက်ဆုံးမှာတော့ သူတို့ ငွေညှစ်လုယက်မှုတွေပြုလုပ်လာတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးရမိသည့် ရဲတပ်သားနှစ်ဦးကို ၎င်းတို့ကျူးလွန်သည့်ပြစ်မှုအပေါ် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိတွင် လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဟားခါးမြို့တွင် ပြည််သူများကို ဒုက္ခပေးနေသော စစ်ကောင်စီအဖွဲ့ဝင်များကို လိုက်လံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF – Hakha က ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ မနက်တွင် သတင်းထုတ်ပြန်ထားသည်။

“အခုတလော စစ်သားတွေ၊ ရဲတွေ၊ ညဘက်တင်မဟုတ်ဘူး နေ့ခင်းဘက်လည်း လက်နက်ခြိမ်းခြောက်ပြီး လုယက်တာတွေလုပ်တယ်။ အထူးသဖြင့် သူတို့တပ်စွဲတဲ့နေရာအနီးအနားတွေမှာ ကြားနေရတယ်။ လူတွေက ကြောက်လို့မပြောရဲဘူး။ ဘယ်သူ့တိုင်ရမှန်းမသိဘူးဖြစ်နေတယ်။ အရင်က ဒီလိုတွေမရှိဘူး” ဟု ဟားခါးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ အလင်းဝင်ရောက်မှုများလည်း ရှိနေသည်။

#ဟားခါးမြို့ #ပြည်သူများကို #လက်နက်ပြခြိမ်းခြောက် #ငွေညှစ် #ရဲတပ်ဖွဲ့ဝင်၂ဦး #CDF-Hakha #ဖမ်းဆီး #Ayeyarwaddy_Times