ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

မန္တလေးမြို့အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်ရှိနေကာအပူချိန်မြင့်တက်နေချိန်တွင် ငလျင် ကယ်ဆယ်ရေး စခန်းများတွင်နေထိုင်ရသူများ အပူဒဏ်ခံစားအပါအဝင် ကျန်းမာရေးပြသနာများ ခံစားနေရကြောင်း သိရသည်။

လက်ရှိအပူချိန်တွင်အရိပ်မရှိဘဲယာယီတဲများထဲတွင်နေထိုင်ရသူများသည် အပူရှပ်ခြင်း ( Heat Stroke) ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ( Diarrhoea) ၊ အရေပြားယားယံခြင်း ( Pruritus) များဖြစ်ပေါ်နေကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ စေတနာဝန်ထမ်းများထံမှ သိရသည်။

ထို့ပြင် ကယ်ဆယ်စခန်းများတွင်လူများပြည့်ကျပ်စွာနေထိုင်ရခြင်း၊ မိလ္လာစနစ်ညံ့ဖျင်းခြင်း၊ ပျက်စီးသွား သော ကျန်းမာရေးအဆောက်အအုံများနှင့် စောင့်ရှောက်မှုနည်းပါးသောကြောင့် လက်ရှိတွင် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး TB ၊ HIV ၊ သွေးလွန်တုပ်ကွေးနှင့် ပြင်းထန်သောဝမ်းပျက်ဝမ်းလျှောတို့ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)က ဧပြီ ၂၂ ရက်နေ့တွင်ထုတ်ပြန်သည်။

“အရင်နှစ်ပတ်လောက်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေတယ်လို့သိရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့အဖွဲ့တွေတော့ရှိတယ်။ အခုနောက်ပိုင်း အပူရှပ်တာနဲ့ အရေပြားယားယံ တာတွေဖြစ်တယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ငလျင်ဘေးအန္တရာယ်ကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်ပြီး ငလျင်ဘေး သင့်သူ လူဦးရေ ၂ ဒသမ ၄ သန်းခန့်သည် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (မြန်မာ)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ငလျင်‌နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှု #ကယ်ဆယ်ရေးစခန်း #ဝမ်းပျက်ဝမ်းလျှောရောဂါ #WHOထုတ်ပြန် #ကျန်းမာရေးပြဿနာဖြစ်ပေါ်နိုင် #Ayeyarwaddy_Times