ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ရက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ကမ်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၂၂ရက်နေ့က နန့်မွန်းမြို့ရှိ ဆနွင်းကုန်း၊ အင်းသာ၊ ဟဲပု၊ ဟဲပါး၊ နတ်မောက်ကန်ရွာများကို လေကြောင်းတိုက်ခိုက်ပြီး ရွာသစ်ကြီး စခန်းမှနေ၍လည်း လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“လေကြောင်းတိုက်ခိုက်ခံရမှုမှာ နှစ်ဖက် အထိအခိုက်ရှိခဲ့ပါတယ်။ ဒီလောက်ပဲ သိလို့ရမယ်ခင်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ယမန်နေ့ ည ၁၁နာရီခန့်ကလည်း တုံပင်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့တွင် နန့်မွန်းလမ်းပိုင်းရှိ ကျေးရွာအချို့ကိုလည်း ဗုံး လေးလုံး ကြဲချ တိုက်ခိုက်ရာ အမျိုးသားသုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ရက်နေ့က နန့်မွန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ရှမ်းနီပူးပေါင်းတပ် တို့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုရှိကာ တပ်ဆုတ်သွားရကြောင်း သိရသည်။

#အင်းတော်ကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #လက်နက်ကြီးပစ် #Ayeyarwaddy_Times