
(တွန်းဇံ)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် ချင်းလဲန်းကောင်စီ(CC) နှင့် ဇိုမီးတော်လှန်ရေးတပ် (ZRA) တို့ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီး ZRA ဘက်မှ ရဲဘော် လေးဦး ကျဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တွန်းဇံမြို့ကို ထိန်းချုပ်ထားသော CC တပ်စခန်းများကို ဧပြီလ ၂၀ ရက်နေ့၊ မနက်တွင် ZRA တပ်ဖွဲ့ဝင် အင်အား (၃၀၀)ကျော်ဖြင့် ထိုးစစ်တိုက်ခိုက်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့က ၂၀ ရက်နေ့မှာ ZRA က အင်အားအလုံးအရင်နဲ့ တွန်းဇံမြို့ထဲကို တက်လာပါတယ်။ အဲဒါကို ကျနော်တို့နေတဲ့ နေရာတွေကို သူတို့ ပစ်ခတ်မှု လုပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က တုံ့ပြန်တယ်။ မနေ့ကတည်းက သူတို့ အားလုံးက တွန်းဇံမြို့ထဲက ပြန်ဆုတ်ပါတယ်” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။
အဆိုပါ ပစ်ခတ်မှုအပြီးတွင် ZRA ဘက်မှ ရဲဘော် လေးဦးကျဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ZRA တပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ နေလည်အချိန်တွင် ကျီးခါးမြို့ဘက်ခြမ်းသို့ တပ်ပြန်လည်ဆုတ်ခွါသွားကြကြောင်း သိရှိရသည်။
ZRA တပ်ဖွဲ့သည် အပြီးတိုင်ဆုတ်ခွာသွားခြင်း မဟုတ်သည့်အတွက် တိုက်ပွဲများ အချိန်မရွေး ရှိလာနိုင်သည့် အနေထားဖြစ်၍ စစ်ရေးကို အသင့်ပြင်ဆင်ထားရကြောင်း၊ ZRA သည် စစ်ကောင်စီ ထောက်ပံ့သည့် ဒရုန်းများရရှိထားကြောင်း သိရှိရသည်။
“သူတို့ တွန်းဇံမြို့ကနေ ကားခြောက်စီးနဲ့ ပြန်ဆုတ်သွားတာရှိသလို၊ ခြေလျင်နဲ့ ဆုတ်သွားတာလည်းရှိတယ်။ ကနဦး သတင်းအရ အင်အား ၃၀၀ နဲ့ ၃၅၀ ခန့်ရှိနိုင်တယ်။ သူတို့အနေအထားကို ကြည့်လိုက်ရင် မဏိပူရ်ကနေ တက်လာတာတွေ ရှိသလို အဲဒီဒေသဘက် နဂိုရှိပြီးသားလည်းဖြစ်မယ်” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်ကလည်း တွန်းဇံမြို့ကို ZRA တပ်ဖွဲ့က အင်အားအလုံးရင်းဖြင့် ထိုးစစ်တိုက်ခိုက်လာသည့်အတွက် CC တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲကြောင့် တွန်းဇံမြို့ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရသလို Nakzang ကျေးရွာနှင့် Buangmual ကျေးရွာတို့လည်း မီးရှို့ဖျက်စီးခံခဲ့ရသည်။
#တွန်းဇံမြို့ #CC #ZRA #တကျော့ပြန်တိုက်ပွဲ #ပြန်လည်ဖြစ်ပွား #Ayeyarwaddy_Times