
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၂ ရက်
ထိုင်း – မြန်မာ နယ်စပ် ရှိ ထီးထဗျူဟာစခန်း သိမ်းတိုက်ပွဲအတွင်း ဗျူဟာမှူးအပါဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရမိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံမှသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ထီးထဗျုဟာ စခန်းကို ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီ ခန့်မှစတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်ခဲ့ သော်လည်း ဧပြီ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါစခန်းကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထီးထဗျူဟာ စခန်းကို တပ်မဟာ (၄) ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU / KNLA ) ဦးဆောင်မှုဖြင့် တော်လှန်ရေး ပူးပေါင်းတပ်များက စတင် တိုက်ခိုက်ချိန်တွင် ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများကို လက်နက်ချအညံ့ခံ၍ ပူးပေါင်းရန်စာဖြင့် အကြိမ်ကြိမ်ပို့ပြီး ညှိနှိုင်းပြောဆိုခဲ့သော်လည်း ဗျူဟာမှူးက လက်ခံခဲ့ခြင်း မရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူက ဆိုသည်။
ထိုသို့ လက်နက်ချအညံ့ခံရန် အကြိမ်ကြိမ်ပြောဆိုသော်လည်း လက်ခံခြင်းမရှိသောကြောင့် ထီးထ ဗျူဟာစခန်းကို တော် လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ၈ ရက်အကြာတွင် စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။
စခန်းသိမ်းစဉ်က ထီးထဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရမိကာ စစ်ဆေး မေးမြန်းနေစဉ် ဗျူဟာမှူးက မချေမငံပြောဆိုမှုများရှိခဲ့ပြီး လုံခြုံရေးရဲဘော်များက လက်ဦးမှုယူကာ ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
“ဗျူဟာမှူး နဲ့ သူ့တပည့်တွေကို ဖမ်းမိတဲ့အချိန်က စခန်းသိမ်းတုန်းပဲရှိသေးတာ။ အဲ့ဒီအချိန်မှာ Y – 12 လေယာဉ် နဲ့ ဂျက်ဖိုက်တာရောက်လာပြီး စခန်းပတ်ဝန်းကျင် နေရာအနှံ့ကို ဗုံးကြဲတာပေါ့နော်။ စခန်းကလည်း အားလုံးမသိမ်းနိုင်သေးဘူးပေါ့။ ဒီအချိန်မှာပဲ ထီးထဗျူဟာမှူးက စကားပြောတာ အရမ်းရိုင်းပြီး ကလန်ကဆန်လုပ်တာပေါ့ဗျာ။ တိုက်ပွဲ မစတင်ခင်ကတည်းက ထီးထဗျူဟာမှူးကို လက်နက်ချ အညံ့ခံဖို့ အကြိမ်ကြိမ်စာပို့ပြီးသားပါ။ အဲဒါကို သူက လိုက်နာမှုမရှိဘူးလေ။ ဖမ်းမိတဲ့ အချိန် စစ်ဆေးမေးမြန်းနေတုန်း ဗျူဟာမှူးနဲ့ သူ့ရဲဘော်တွေက ရန်မူမယ့် အနေအထားလုပ်လာပြီးတော့ မချေမငံ နဲ့ မတ်တပ်ထရပ်လိုက်တယ်။ အဲဒီမှာ လုံခြုံရေး ယူထားတဲ့ ရဲဘော်ကနေ လက်ဦးမှုယူပြီး ပစ်ခတ်လိုက်ရတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဒုမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရဲဘော် မိုးကြိုး က ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စစ်ကောင်စီ၏ ဂျက်ဖိုက် တာဖြင့် ဗုံးကြဲခြင်းခံခဲ့ရကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ထံမှ သိရသည်။
” အဲလိုအချိန်မှာ ထွက်ပြေးတဲ့သူတွေလည်းရှိတာပေါ့။ ထွက်ပြေးတဲ့ကောင်တွေကလေယာဉ်နဲ့ ဗုံးကြဲတဲ့ အထဲမှာပါသွားတယ်။ ကျန်တဲ့ကောင်တွေကိုတော့ ကျွန်တော်တို့ရဲဘော်တွေ ပစ်ခတ်လိုက်ရတယ်” ဟု ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရဲဘော် မိုးကြိုး ကဆိုသည်။
ထီးထစစ်ဗျူဟာ စခန်းသိမ်းပွဲအတွင်း စစ်ကောင်စီဘက်မှ K8W -ဂျက်ဖိုက်တာဖြင့် ၁၅ ကြိမ်တိုင် ဗုံးသီးအလုံးရေ ၂၉ လုံး ကြဲချခဲ့ပြီး Y -12 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့်လည်း ၁၁ ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဗုံးအလုံးရေ ၆၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထီးထဗျူဟာ စခန်းတွင် စခန်းကုန်း သုံးခုရှိပြီး စနိုက်ပါကုန်း ၊ အမြောက်ကုန်း ၊ ဗျူဟာမှူးနေသည့်ကုန်း အပြင် ဆက်သွယ်ရေးပစ္စည်းကိရိယာများထားသည့် နေရာများလည်းရှိကြောင်းသိရသည်။
လက်တလောတွင် ထီးထဗျူဟာကုန်းအနီး၌ စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းများရှိနေသဖြင့် ဒေသခံပြည်သူများသွားလာနိုင်စေရန် မိုင်းများကိုရှင်းလင်းရေးပြုလုပ်နေကြောင်း စစ်ရေးသတင်း ရင်းမြစ်က ဆိုသည်။
“ထီးထ ဗျူဟာကုန်းပတ်ပတ်လည် မှာမိုင်းတွေထောင်ထားတာများတယ်။ ဒေသခံပြည်သူတွေ ဝင်လို့အဆင်ပြေအောင် ကျွန်တော်တို့မိုင်းရှင်းလင်းရေးတွေလုပ်နေတယ်။ အခုလောလောဆယ်တော့ ဝင်လို့ မရသေးဘူးပေါ့နော်။ ဧပြီ ၂၁ ရက်နေ့မှာ လည်း ဒေသခံပြည်သူတွေကိုပစ်မှတ်ထားပြီး ထီးထ ၊ထီးခီး ရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေသေးတယ်”ဟု ဘုတ်ပြင်းမြို့နယ် ၊ပြည်သူ့ရဲတပ်ဖွဲ့ ဒုမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရဲဘော် မိုးကြိုးက ဧရာဝတီတိုင်းမ် ကိုဆက်လက် ပြောကြားသည်။
ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) ဌာနချုပ် တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၄) တပ်ရင်း- ၁၀၊ တပ်ရင်း-၁၁၊ တပ်ရင်း -၂ဝ၃၊ KNLA တပ်မဟာ (၄) KNDO တပ်ရင်း ၇၊ KNU – မြိတ်-ထားဝယ်ခရိုင် သစ်တောဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း- ၁၊ ထားဝယ်ခရိုင် တပ်ရင်း-၂ တို့ပါဝင်ခဲ့ကြသည်။
ထိုအပြင် အဆိုပါတပ်ဖွဲ့များနှင့်အတူ FFD – ဖက်ဒရယ်ဒီမိုကရေစီအတွက် အင်အားစု၊ KDSF – Karen Drone အထူးတပ်ဖွဲ့၊ Dragon Square UAV၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF၊ KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့၊ Sky Ghost Drone တပ်ဖွဲ့၊ KWO၊ KYO အဖွဲ့များ၊ ကျေးရွာလုံခြုံရေးအဖွဲ့များ၊ ကဆယ်ဒိုမြို့နယ်ခေါင်းဆောင်နှင့် အဖွဲ့သားများ ပါဝင်ကြောင်းသိရသည်။
ဓာတ်ပုံ ၊ ပဒိုစောအယ်နား
ပုံစာ ၊ ထီးထဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ရရှိသော လက်နက်ခဲယမ်း များနှင့် တော်လှန်ရေး ပူးပေါင်းတပ်မှ ရဲဘော်များ။
#ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲ #ဗျူဟာမှူး #အရှင်ဖမ်းမိ #ရန်မူသောကြောင့် #အသေဖမ်းဆီး #စစ်ကောင်စီတပ်သား #၁၀၀ခန့်သေဆုံး #Ayeyarwaddy_Times