ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

အင်အားပြင်းထန်သောငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုကြောင့် မန်းမြန်မာဈေးချိုပလာဇာနှင့် အမြွှာအဆောက်အဦ ၂၅ ထပ်တွင် လူမနေထိုင်ရသတ်မှတ်ပြီး ပလာဇာရှိပစ္စည်းများ ရွှေ့ပြောင်း၍ မန်းမြန်မာဈေးချိုပလာဇာကို ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ကစတင်၍ မန္တလေးမြို့၊ ၈၄လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ မန္တလေး ပလာဇာဈေးကြီးကို ပြန်လည်ဖွင့်လှစ်ထားပြီး ထိုသို့ဖွင့်လှစ်ခြင်းမှာ ဆိုင်ခန်းများရှိ ပစ္စည်းများကို ရွေ့ပြောင်းရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့၊ ၈၅ လမ်းနေထိုင်သူတစ်ဦးထံမှ သိရသည်။

” ဈေးချိုပလာဇာနဲ့ အမြွှာ ၂၅ ထပ်က ငလျင်လှုပ်တုန်းက ဘာမှမဖြစ်ဘူး။ နောက်ဆက်တွဲငလျင် တွေလှုပ် တော့ တိုက်နံရံတွေအက်ကွဲလာတယ်။ အဲဒါနဲ့ လူမ နေရ တော့ဘူး။ ဈေးဆိုင်တွေပစ္စည်း ထုတ်ရပြီးပိတ်ရမယ်လို့သိရတယ်။ ဖြိုချမယ်လို့လည်းသိရတယ် ” ဟု ယင်းဈေးချိုပလာဇာနား နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ‌မန်းမြန်မာဈေးချိုပလာဇာ ၆ ထပ် နှင့် အမြွှာ ၂၅ ထပ် မှာ လူနေတိုက်ခန်းများဖြစ်ပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်မှုများရှိကြောင်း၊ လက်ရှိတွင် အမြွှာ ၂၅ ထပ်တွင်လူနေထိုင်ခြင်းမရှိဘဲ မည်သည့်အပိုင်းကို မည်ကဲ့သို့ဖြိုချပြုပြင်မည်ကို အသေးစိတ်သိရှိရခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဈေး ၈၅ လမ်းဘက်သို့ မျက်နှာပြုထားသည့်ဈေးဆိုင်ခန်းများ သင်္ကြန်ပိတ်ရက်တွင်း လိုအပ် သောပြင်ဆင်မှုများ မပြီးပါက ဆက်လက်ပြင်ဆင်နေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားရမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့က ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့ပြင် မန်းမြန်မာပလာဇာသည် ငလျင်လှုပ်ခတ်မှုကြောင့် မြေအောက်ထပ် ကားပါကင်ဘက်အခြမ်းရှိ ထုတ်တန်းသုံးချောင်းထိခိုက်သဖြင့် ဒေါက်ထောက်ထားကြောင်း၊ မြေညီထပ်တိုင်နှင့် ထုတ်ဆုံချက် ငါးနေရာတွင် ပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့က ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မန်းမြန်မာပလာဇာ (မန်းမြန်မာဈေးချိုပလာဇာ) ကို ၂၀၀၄ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပလာဇာဖွင့်လှစ်နိုင်ကာ ၂၀၁၄ ခုနှစ်တွင် လူနေတိုက်ခန်းများပြီးစီးကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သော ရစ်ခ်တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ အပါအဝင် ငလျင် လှုပ်ခတ်မှုပေါင်း ၁၅၃ ကြိမ်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#မန္တလေးငလျင်လှုပ်ခတ်မှု #မန်းမြန်မာဈေးချိုပလာဇာပိတ်မည် #ဈေးဆိုင်ပစ္စည်းများရွေ့ပြောင်းခိုင်း #Ayeyarwaddy_Times