ဧရာ၀တီတိုင်းမ်
ဧပြီ ၂၂ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ရွေးချယ်ဂုဏ်ပြုလိုက်ကြောင်း ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့က ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ဆုရွေးချယ်ရေးဌာနခွဲအသီးသီးမှ အဖွဲ့ဝင်များက လေးစားတန်ဖိုးထားပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဆုချီးမြှင့်ကြောင်း (၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားကို လာမည့် မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီမှ ၈ နာရီအထိ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

“ပြည်သူ့ဂုဏ်ရည်ဆု” (Citizen of Burma Award) သည် မြန်မာပြည်သူများအတွက် ပရဟိတ လုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ထောက်ပံ့မှုများပေးနေသော မြန်မာနိုင်ငံသားများကို ဂုဏ်ပြုရန် ရည်ရွယ်သည့်ဆုဖြစ်ပြီး အဝေးရောက်မြန်မာများ စုပေါင်းဖွဲ့စည်းထားသော ပြည်သူ့ ဂုဏ်ရည အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နှစ်စဉ်ရွေးချယ်ချီးမြှင့်လျက်ရှိသည်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး ပထမဆုံးသော ပြည်သူ့ဂုဏ်ရည်ဆုကို ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကျော်သူမှ ရရှိခဲ့သည်။

ပြီးခဲ့သည့် (၁၅) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့် ‌လူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများကရရှိပြီး (၁၄) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်ဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ရရှိခဲ့ သည်။

ပုံစာ- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။

#ပြည်သူ့ဂုဏ်ရည်ဆု #ဒေါ်အောင်ဆန်းစုကြည် #ဂုဏ်ပြုခံရ #Ayeyarwaddy_Times