
ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်များ ထိန်းချုပ်ရာ နေရာများတွင် အမျိုးသမီးများကိုပါ ပေါ်ဆာဆွဲဖမ်းဆီးနေကြောင်း သိရသည်။
သင်္ကြန်ရက်တွင်းနှင့် ယမန်နေ့ ဧပြီ ၂၁ ရက်နေ့အထိ အင်းတော်ကြီးအိုင် အနီးပတ်ဝန်းကျင်တွင် သွားလာနေသူများကို စစ်ကောင်စီနှင့် ရှမ်းနီတပ်တို့က ဖမ်း ဆီးပြီး လူသစ်စုဆောင်းနေကြောင်း သိရသည်။
“အင်းတော်ကြီးအိုင်ဘက်သွားတဲ့ လူအများစုပျောက်ဆုံးနေတာမို့လို့ ပျောက်ဆုံးသူရဲ့ နာမည်အသက်နဲ့ မိသားစုဝင်စာရင်းတွေတောင်းပြီး နန့်မွန်းဂိတ်ကို သွားရောက်စုံစမ်းဖို့လုပ်နေပါတယ်”ဟု အင်းတော်ကြီး ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် ရှမ်းနီတပ်တို့ အထိုင်ချတပ်စွဲဂိတ်ထိုင်နေသည့် နန့်မွန်းတောင်အတက်အဆင်းနေရာ များတွင် လူငယ်၊ လူလတ်ပိုင်းနှင့် အမျိုးသမီးများပါမကျန် ပေါ်တာဆွဲဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။
သင်္ကြန်ကာလအတွင်း ပျောက်ဆုံးနေသည့်လူငယ် အယောက် ၁၀၀ ဝန်းကျင်ရှိကာ နန့်မွန်းတောင် ဂိတ်စခန်းအနီးတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ပျောက်ဆုံးနေသည့် လူငယ်အချို့၏ မိသားစုဝင်များမှာ နန့်မွန်းတောင်ဂိတ်စခန်းတွင် သွားရောက်စုံစမ်းသော်လည်း ဂိတ်မှ မောင်းထုတ်ကြောင်း ပျောက်ဆုံးမိသားစုဝင်နှင့်နီးစပ်သူထံမှ သိရသည်။
အင်းတော်ကြီးတွင် ရှမ်းနီတပ်မှ စုဆောင်းပေါ်တာဆွဲနေသည့်အထဲတွင် ကလေးအမေနှင့် နို့တိုက် မိခင်ပါမကျန် လူသစ်စုဆောင်းနေကြောင်း ဒေသသတင်းများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း နန့်မွန်းမြို့အနီးသို့ စစ်ကောင်စီနှင့် ရှမ်းနီတပ်တို့ စစ်ကြောင်း ထိုးလာရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ပြန်လည်တပ်ဆုတ်သွားကြောင်း သိရသည်။
#ကချင် #အင်းတော်ကြီး #စစ်ကောင်စီ #ရှမ်းနီတပ် #အမျိုးသမီးများ #ပေါ်တာဆွဲ #ဖမ်းဆီး #Ayeyarwaddy_Times