
ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စိတ်အေးလက်အေးပြုလုပ်နိုင်စေရန် ညီနောင်မဟာမိတ်အဖွဲ့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပစ်ရပ်စဲရေးထုတ်ပြန်ပြီးနောက် စစ်ကောင်စီကလည်း သုံးပတ်ကြာ (ရက် ၂၀) ယာယီအပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် ပြန်လည်ထူ ထောင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး စစ်ကောင်စီက ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိကို ယာယီအပစ်ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်ဟုဆိုကာ အပစ်ရပ်ထားသည့်ကာလကို စစ်ကောင်စီက ဧပြီ ၂၃ ရက်မှ ၃၀ ရက်ထိ ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန် လာသည်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန်ထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်း စသည်တို့ကို ပြုလုပ်ပါက အရေးယူတုံ့ပြန်သွားမည်ဟု ပြောဆိုထားသည်။
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုရန်နှင့် ထိုသို့ဆောင်ရွက်ပါက ပြည်သူလူထုကို ကာကွယ်သောအားဖြင့် အရေးယူ တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်စဲသည့်ဟု ကြေညာထားသည့် ကာလတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ရှမ်းမြောက်နှင့် ဧရာဝတီတို့တွင် ဗုံးများအဆက်မပြတ် ကြဲချတိုက်ခိုက်လျက်ရှိသည်။
ထို့အပြင် ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီအစပ်၊ ရခိုင်-ပဲခူးအစပ် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးခြင်းနှင့် စစ်အင်အားပြင်ဆင်၍ အင်အားစုဖွဲ့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျနှင့် ရေထွက်ရွာ၊ ကန့်ဘလူ သင်တောရွာကို ဗုံးကြဲတိုက်ခိုက်ရာ သုံးရက်အတွင်း ဒေသခံပြည်သူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။
ပုံစာ- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာရှိ ဒေါ်မူချိုကုန်စုံဆိုင် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဗုံးကြဲထားသည့် မြင်ကွင်း။ (ပုံ 11 , 22)
ပုံစာ-မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ပြီးနောက် အသားစများ လိုက်ကောက်နေသည့်မြင်ကွင်း (ပုံ-33)
#အပစ်အခတ် #ရပ်စဲရေးကာလ #ဧပြီ၃၀ #စစ်ကောင်စီ #ထပ်တိုး #Ayeyarwaddy_Times