
ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဧပြီ ၂၂ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နှစ်ရက်ဆက်တိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦး သေဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီသည် ဧပြီ ၂၀ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်တွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောင်လာခြင်းဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးခဲ့ကြောင်း P2-3703 Fire Dragon(မီးနဂါး) စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် အဆိုပါတိုက်ပွဲအတွင်း ဒရုန်းများ၊ လက်နက်ကြီးများအပြင် Mi-35 ရဟတ်ယာဉ်အသုံးပြု၍ လေကြောင်းပစ်ကူပေးခြင်းများပင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ရန်သူက စစ်ကြောင်းထိုးပြီး အင်အား ၆၀ လောက်ဝင်လာတယ်။ လက်နက်ကြီးတွေ ဒရုန်းတွေ လေယာဉ်တွေနဲ့ပါပစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ကိုယ့်ရောက်ရှိတဲ့နေရာမှာ ခုခံတဲ့အနေ အထားပဲ ရှိပါတယ်။ ပုဇွန်မြောင်ရွာကကြီးတယ်။ စစ်ကောင်စီရော ကျွန်တော်တို့ရော ရင်ဆိုင်ထားတဲ့ အနေထားပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပုဇွန်မြောင်းရွာတွင် အခြေချနေသည့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များကိုလည်း ကျေးရွာ အနီးရှိ တာပြတ်တံတားမှ လက်နက် ကြီးအပြင် စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ညောင်လေးပင်မြို့နယ်အတွင်း တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က ရေတွင်းကုန်း ကျေးရွာသို့ အကြောင်းမဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – Fire Dragon
#ညောင်လေးပင် #တိုက်ပွဲ #စစ်ကောင်စီ #စစ်ကြောင်းထိုး #PDF #Ayeyarwaddy_Times