
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးအပါအဝင် ၆၃ သေဆုံးပြီး ဗိုလ်ကြီးအဆင့်နှင့် တပ်ဖွဲ့ဝင် ၁၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၃ ကြိမ်တွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး သီဟအောင်အပါအဝင် စုစုပေါင်း ၆၃ ဦးသေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် ၁၈ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း PRA Magway က ယနေ့ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ထား သည်။
“လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA- Magway က မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အမ်း-ပဒါန်းစစ်ဆင်ရေးတွင် ပါဝင် ဆောင်ရွက်နေပြီး စစ်နယ်ဝန်းချဲ့ထွင် လှုပ်ရှားနိုင်ရန် လည်း တစ်ပြိုင်နက်အကောင် အထည်ဖော်ဆောင် ရွက်နေပါတယ်”ဟု PRA-Magway က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ငဖဲမြို့နယ်၊ နတ်ရေကန်အနီးရှိ စင်ကိုနာခြံသို့ ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်ကို PRA Magway က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီဘက်မှ လေးဦးဒဏ်ရာရရှိပြီး တပ်ဆုတ်သွား ကြောင်း သိရသည်။
ထို့အပြင် နတ်ရေကန်ဗျူဟာကုန်းမှဆင်းလာသည့် စစ်ကောင်စီအင်အား ၆၀ ပါစစ်ကြောင်းကို ဖေဖော်ဝါ ရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖြတ်တောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးကာ လေး ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ပဇီကျေးရွာမှ လိုင်ကျေးရွာသို့တက်လာသည့် အင်အား ၄၀ ပါစစ်ကြောင်းကို မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က လိုင်ကျေးရွာလမ်းခွဲအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဘက်မှ ခုနစ် ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကာ အဆို ပါ တိုက်ပွဲတွင် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လူထုတော် လှန်ရေးမဟာမိတ်အင်အားစု PRA – MAGWAY နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ပူးပေါင်းကာ ပုသိမ်-မုံရွာကားလမ်းရှိ ပဒါန်းမြို့အဝင်ဂိတ်ကို မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပဒါန်းမြို့အဝင်ဂိတ်သည် စစ်ကောင်စီရဲ တပ်ဖွဲ့နှင့် စရဖတို့ ပူးပေါင်းပြီး အင်အား ၂၀ ကျော်အထိုင်ချကာ အရပ်သားပြည်သူနှင့် ဈေးရောင်း၊ ဈေးဝယ်များကို အတင်းအဓမ္မ ငွေကြေးတောင်းရမ်းခြင်း၊ ဖိနှိပ်ရမ်းကားခြင်းများ ပြုလုပ်လေ့ရှိပြီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးကာ လေး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဓာတ်ပုံ-PRA-Magway
#မကွေး #အမ်း-ပဒါန်း #နတ်ရေကန်ဗျူဟာ #တိုက်ပွဲ #စစ်ကောင်စီ #၆၃ဦးသေဆုံး #Ayeyarwaddy_Times