
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် အထပ်မြင့်အစိုးရ အဆောက်အအုံ ပြိုကျခဲ့ရသည့် ဖြစ်စဉ်တွင် ယမန်နေ့ဧပြီ ၂၀ ရက်နေ့က ရုပ်အလောင်း လေး ဦးထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၄၇ ဦး အထိရှိလာကြောင်းသိရသည်။
အဆောက်အအုံပြိုကျမှုဖြစ်စဉ်ကြောင့် အလုပ်သမားများအပါအဝင် ၁၀၃ ဦးထိခိုက်ခဲ့ပြီး ၎င်းတို့ထဲမှ ၄၇ ဦးသေဆုံးကာ ကိုး ဦးထိခိုက်ဒဏ်ရာရရှိ၍ ၄၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများထံမှ သိရသည်။
ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေပြီး ဧပြီ ၂၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည့် ရုပ် အလောင်း လေး ခုမှာ အဆောက်အအုံ၏ ၁၉ လွှာမှဖြစ်ပြီး နှစ်ခု မှာ ဆောက်လုပ်ရေးကုမ္ပဏီမှ တင်ပြခဲ့သည့် ပျောက်ဆုံးနေသူများနှင့် ကိုက်ညီမှုရှိကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဌာန(DDPM) ညွှန်ကြားရေးမှူးချုပ် စုရိယချိုင်ရာဝီဝန်က ပြောကြားခဲ့သည်။
လက်ရှိတွင် ပျောက်ဆုံးနေသူများကို ဇုံ A၊ B၊ C၊ D ခွဲခြားကာရှာဖွေနေပြီး ဇုံ Aနှင့်D ရှိအပျက်အစီးများကို အမြင့် ၁၀ ဒသမ ၅၂ မီတာအထိ လျှော့ချထားနိုင်ပြီး ဇုံ Bနှင့်C တွင် ၉ ဒသမ ၃၆ မီတာအထိ လျှော့ချ ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုများအဖြစ် ရဲမှုခင်းသိပ္ပံရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အများပြည်သူဆိုင်ရာ လုပ်ငန်းများနှင့် မြို့ပြရေးရာဌာန တို့မှ အရာရှိများကလည်း ပြိုကျရာနေရာတွင် သက်သေအထောက်အထားများ ဆက်လက်စုဆောင်းနေကြောင်း သိရသည်။
ထိုင်းအစိုးရ၏အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI) ကလည်း အဆိုပါစာရင်းစစ်အဆောက်အအုံ ဆောက်လုပ်မှုတွင် ပူးတွဲပါဝင်ခဲ့သည့် China Railway No. 10 ကုမ္ပဏီ၏ ဒါရိုက်တာ Chuanling Zhang ကို ဖမ်းဆီးထားကြောင်း သိရသည်။
ကိုးကား – The Nation Thailand
#Ayeyarwaddy_Times