
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီတွင် အဆိပ်ဓာတ်ငွေ့ဗုံးသုံးလုံး၊ မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် အဆိပ်ဓာတ်ငွေ့ဗုံးလေးလုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) က ထုတ်ပြန်ထားသည်။
အဆိပ်ငွေ့ဗုံးများ ကြဲချပြီးနောက် အဆိပ်ငွေ့ရှူရှိုက်မိသည့် ရဲဘော်များ မူးဝေအော့အန်ခြင်း၊ သွေးပေါင်ချိန် ကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီက တောင်ခမ်းကို အင်နဲ့အားနဲ့တန်ပြန် ထိုးစစ်တစ်ရပ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတာ။ ဒီနေ့ကျတော့ အဆိပ်ငွေ့ဗုံးတွေပါသုံးပြီး လေကြောင်း တိုက်ခိုက်မှုလုပ်လာတယ်။ တိုက်ပွဲပြင်းထန် နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားသော်လည်း နိုင်ငံတာမှတားမြစ်ထားသည့် တိုက်ခိုက်မှုမျိုးကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း DPLA က ဆိုသည်။
အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းကို စစ်ကောင်စီက တောင်ခမ်းတွင်သာမက အခြားတော် လှန်ရေးတပ်များ ရှိသည့်နေရာများတွင်လည်း မကြာ ခဏပြုလုပ်နေကြောင်း သိရသည်။
တောင်ခမ်းတွင် စစ်ကောင်စီဘက်မှ လေယာဉ်ဗုံးများကြဲချခြင်း၊ လက်နက်ကြီများ ပစ်ခတ်ခြင်းနှင့် အဆိပ် ဓာတ်ငွေ့ဗုံးများ အသုံးပြုထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA၊ DPLA တပ်တို့နှင့် စစ်ကောင်စီ တပ်တို့ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ် ပွားလျက်ရှိနေကြောင်း သိရသည်။
နောင်ချိုတောင်ခမ်းတွင် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂၊ အမြောက်တပ်ရင်း အမတ-၃၅၃၊ အမတ- ၂၀၆၊ အမတ-၄၀၆ တို့တည်ရှိပြီး စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ-DPLA
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်း #စစ်ကောင်စီ #လေကြောင်း #အဆိပ်ဓာတ်ငွေ့ဗုံး #ကြဲချ #DPLA #Ayeyarwaddy_Times