ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၀ ရက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခလရ-၂၂၄ မှ စစ်ကောင်စီတပ်သားတစ်ဦးသည် ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၄) ၊ တပ်ရင်း -၂၀၃၊ တပ်ခွဲ ၃ ထံသို့ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်တွင် အလင်းဝင်ရောက်လာကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူသည် ဘုတ်ပြင်းမြို့အခြေစိုက် ခလရ-၂၂၄ တပ်ရင်းမှ တပ်သားအဆင့်ရှိ ကိုအောင်ကိုကိုဖြစ်ပြီး ၎င်းသည် ဧပြီ ၁၇ ရက်တွင် တပ်ရင်းမှ ထွက်ပြေးလာကာ KNLA ပူးပေါင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း KNLA ၏ ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု အလင်းဝင်လာတဲ့သူက စစ်မှုထမ်းသက်တမ်း တစ်နှစ်သာ ရှိသေးတယ်။ လက်နက်တွေတော့ ပါမလာဘူး။ ယူဖို့ အချိန်မရလို့ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်တယ်”ဟု KNLA တပ်မဟာ ၄ မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာသည့် ကိုအောင်ကိုကိုသည် တနင်္သာရီတိုင်း ၊ တနင်္သာရီ မြို့နယ် ဇာတိဖြစ်ပြီး ထိုသို့ အလင်းဝင်ရောက်လာခြင်းအပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြ ကြောင်း KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ ထံမှ သိရသည်။

ပုံစာ-အလင်းဝင်ရောက်လာတဲ့ ကိုအောင်ကိုကို ။
#ဘုတ်ပြင်း #ခလရ၂၂၄ #စစ်ကောင်စီတပ်သား #KNLA #အလင်းဝင် #Ayeyarwaddy_Times