
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဧပြီ ၂၀ ရက်)
တီဘီရောဂါ (TB-Tuberculosis) ဆိုတာ Mycobacterium tuberculosis ဘတ်တီးရီးယား ပိုးကူးစက်မှုကြောင့် ဖြစ်ရသောကြောက်ဖို့ကောင်းတဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။ ချောင်းဆိုးသွေးပါ ခြင်းကို ရောဂါလက္ခဏာအဖြစ်ပြတတ်သော အဆုတ်တီဘီရောဂါက မြန်မာနိုင်ငံရဲ့အဓိက ပျံ့နှံ့ ကူးစက်ရောဂါတစ်ခုဆိုရင်လည်း မမှားပါဘူး။
အဆုတ်တီဘီ (TB) ရောဂါဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအတွက် အလေးအနက်ထားရမယ့် ပြဿနာတစ်ခုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ သတ်မှတ်ထားသော တီဘီ ဖြစ်ပွားမှုနှုန်းမြင့်မားများတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ တီဘီ ဖြစ်ပွားနှုန်းဟာ ၂၀၂၃ ခုနှစ်တွင် လူတစ်သန်းမှာ ၅၅၈ ဦးရှိတယ်လို့ ကမ္ဘာ့ဘဏ် (World Bank)က ထုတ်ပြန်ထားတာမို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက မြင့်မားတဲ့ အဆင့်မှာရှိနေပါတယ်။
တီဘီရောဂါပိုး သယ်ဆောင်ထားတဲ့ လူနာက ချောင်းဆိုးလိုက်တဲ့အခါ လေထဲကို တီဘီ-ဘတ်တီးရီးယား ပိုးတွေ အများကြီး ပျံ့နှံ့ကုန်ပါတယ်။ အဲ့ဒီလေကိုရှုလိုက်မိတယ်ဆိုရင်ပဲ တီဘီပိုးတွေဟာ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့အဆုတ်အတွင်းဝင်ရောက်ပြီး တီဘီရောဂါကူးစက်ပါတော့တယ်။
ချောင်းဆိုးတာ၊ နှာချေတာ၊ သီချင်းဆို၊ စကားပြောတာ စသည်ဖြင့် အဆုတ်ထဲကနေ လေထွက်တိုင်း လေထဲမှာ တီဘီပိုးတွေ အမှုန်အမွှားအဖြစ် ပတ်ဝန်းကျင်လေထဲကို ပြန့်နှံ့သွားပါတယ်။ ဒါကြောင့် လူထူ ထပ်တဲ့နေရာတွေမှာ တီဘီရောဂါသည်တစ်ယောက်ရှိပါက ပတ်ဝန်းကျင်ရှိလူအများကို ကူးစက်ပါ တော့တယ်။ လူဦးရေသိပ်သည်းတဲ့ဆင်ခြေဖုံးရပ်ကွက်တွေမှာ တီဘီရောဂါပျံနှံ့ကူးစက်မှုများ ကြပါ တယ်။
ကိုယ်ခံအားနည်းနေသူတွေကို တီဘီရောဂါအလွယ်တကူဝင်ရောက်နိုင်တာကြောင့် HIV ပိုးကူးစက် သယ်ဆောင်ထားသူတွေမှာ တီဘီကူးစက်ခြင်းကြောင့် ကိုယ်ခံအားကျဆင်းကာ AIDS ရောဂါပေါင်းစု ဖြစ်သွားကြရပါတယ်။
ကူးစက်တတ်တဲ့ တီဘီရောဂါက ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းအများစုကို ထိခိုက်ပါတယ်။ တီဘီရောဂါကြောင့်နှစ်စဉ် လူနာများအသက်ဆုံးရှုံးလျက်ရှိပါတယ်။
တီဘီရောဂါကို သာမန်ပိုးသတ်ဆေးပေးကုသရုံဖြင့် မပျောက်ကင်းတာကြောင့် ပိုးသတ်ဆေးလေးမျိုး ပေါင်းစပ်ပြီး တီဘီဆေးအဖြစ် အချိန်ကာလ ခြောက်လတိတိ ကုသမှု ယူရပါတယ်။ ခြောက်လတိုင် ကုသပေမယ့် မပျောက်ကင်းနိုင်တဲ့ ပိုးသတ်ဆေးယဥ်ပါး တီဘီအမျိုးအစားများလည်း ပျံ့နှံ့ကူးစက် လျက် ရှိပါတယ်။
#တီဘီရောဂါလက္ခဏာများ
-အဆုတ်တီဘီရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ချောင်းဆိုးစဉ်သွေးပါခြင်း၊ ပိန်ချုံး သွားခြင်း၊ ကိုယ်အလေးချိန်သိသိသာသာကျဆင်းခြင်း၊ ဖျားခြင်း၊ ညဘက်ခေါင်ချွေးထွက်ခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ မောပန်းလွယ်ခြင်းနဲ့ နုံးချိခြင်းတွေကိုကြုံတွေ့ရပါတယ်။
-အရိုးတီဘီရဲ့ရောဂါလက္ခဏာတွေမှာတော့ ခါးနာခြင်း၊ ခါးရိုးတောင့်တင်းခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်း အားနည်းခြင်း(Pott disease- Pott spine) တို့ကိုတွေ့ရှိရပါတယ်။
-လိင်အင်္ဂါနှင့် ဆီးလမ်းကြောင်းမှာဖြစ်တဲ့ တီဘီရောဂါကတော့ ခါးနာခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားရာမှာနာကျင်ခြင်း တွေအပြင် အမျိုးသားတွေမှာတော့ နာကျင်ရသော ဝှေးစေ့အလုံး အကြိတ် ဖြစ်ခြင်း၊ ဆီးကြိတ်ရောင်ရမ်းခြင်း၊ ဝှေးစေ့ရောင်ရမ်းခြင်း၊ သုတ်သယ်ပြွန်ရောင်ရမ်းခြင်း တွေဖြစ်နိုင်ပြီး အမျိုးသမီးတွေမှာတော့ တင်ပဆုံရှိမျိုးပွားအင်္ဂါစုရောင်ရမ်းခြင်းနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေကို ခံစားရပါတယ်။
-အဆုတ်ပြင်ပတီဘီရောဂါလက္ခဏာတွေကတော့ စိတ်အာရုံမကြည့်မလင်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဦးနှောက်အာရုံကြောဆိုင်ရာထိခိုက်ခြင်း၊ သတိလစ်မေ့မျောခြင်း၊ မျက်လုံးအတွင်းအင်္ဂါများနှင့် မြင်လွှာ ရောင်ရမ်းခြင်း (Chorioretinitis)၊ ခန္ဓာကိုယ်အနှံ့ပြန်ရည်ကြောအကြိတ်များကြီးလာခြင်း (Lymphadenopathy)၊ အရေပြားတီဘီ (Cutaneous Tuberculosis) စတာတွေ ဖြစ်ပွားနိုင်ပါတယ်။
#တီဘီရောဂါရှာဖွေခြင်း (Diagnosis )
-Tuberculin Skin Test
တီဘီပိုးမှာပါရှိတဲ့ ပရိုတိန်းအသားဓါတ်ကို ခန္ဓာကိုယ်အရေပြားအောက် ပမာဏအနည်းငယ်ထိုးသွင်းပြီး ခန္ဓာကိုယ်ကတုံ့ပြန်ခြင်းကိုကြည့်ရပါတယ်။ တုံ့ပြန်မှုပြင်းထန်တဲ့အခါ ခန္ဓာကိုယ်မှာတီဘီရောဂါ ရှိတယ်လို့ သတ်မှတ်ပါတယ်။ ဒီနည်းလမ်းဖြင့် တီဘီရောဂါရှိမရှိကို ကနဦး စစ်ဆေးနိုင်ပါတယ်။
-Interferon-gamma release assay (IGRA)
တီဘီရောဂါကူးစက်ခံထားရသော်လည်း ရောဂါငုပ်နေတဲ့အခါ ကုသရခက်ခဲပါတယ်။ ရောဂါ အကြောင်း ရင်း ရှာဖွေရခက်ခဲသောအချိန်မှာ IGRA နည်းလမ်းဖြင့် တီဘီရောဂါ ရှိ/မရှိ ကိုရှာဖွေနိုင်ပါတယ်။
အဆုတ်တီဘီရောဂါအတွက် သလိပ်တွင်တီဘီရောဂါပိုးရှာဖွေခြင်းကတော့ အမှန်ကန်အတိကျဆုံး နည်းလမ်း ဖြစ်ပါတယ်။
Sputum for Acid-fast bacilli AFB ဆိုတဲ့ သလိပ်နမူနာကို မှန်ပြားပေါ်တင်ပြီး အက်စစ်ဆေးစိုး၍ အဏုကြည့်မှန်ဘီလူးအောက်တွင် တီဘီပိုးကို ရှာဖွေနိုင်ပါတယ်။ ပိုမိုတိကျဖို့ ၃ ရက်ဆက်တိုက် စစ်ဆေးခြင်း ပြုလုပ်ကြပါတယ်။
Molecular TB Testing (GeneXpert) ခေတ်မီနည်းလမ်းဖြင့်လည်း တီဘီရောဂါကို မှန်ကန်စွာ ရှာဖွေနိုင်ပြီး တီဘီရောဂါသံသယရှိသူတိုင်းကိုလည်း HIVပိုးစစ်ဆေးသင့်ပါတယ်။
#တီဘီရောဂါနှင့်ဓါတ်မှန် (X ray)
တီဘီရောဂါကြောင့် အဆုတ်အထက်ပိုင်းအမွှာမှာ တီဘီပိုးများပေါက်ဖွား၍ အဆုတ်ကို လှိုက်စားပြီး လှိုဏ်ခေါင်းအဖြစ် ဓါတ်မှန်မှာ မြင်ရပါတယ်။ ရင်ခေါင်းဓါတ်မှန်မှာ အစက်အပြောက်များ ကိုလည်းမြင်ရပြီး တီဘီရောဂါကို အဆုတ်ကင်ဆာရောဂါဖြင့်လည်း ဆင်တူတာကြောင့် သတိပြုကုသရမှာဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ဖြစ်ပွားတဲ့ တီဘီရောဂါတေါမှာလည်း အဆုတ်ရဲ့ အလယ်ပိုင်းနှင့် အောက်ပိုင်းအမွှာတွေမှာ ပုံမှန်မဟုတ်တဲ့ အရိပ်တွေကို တွေ့ရနိုင်ပါတယ်။ တီဘီရောဂါကြောင့် အစုတ်အမြှေးပါးအရည်လွှမ်းတာကို ဓာတ်မှန်တွေမှာသာ သိသာထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။
တီဘီရောဂါကုသရေးအတွက် အရေးပါတဲ့ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းကို မဖြစ်မနေပြုလုပ်သင့် ပါတယ်။
#တီဘီရောဂါကုသခြင်း
အားလုံးသိကြသည့်အတိုင်း တီဘီဆေးဆိုတာ အနည်းဆုံးခြောက်လတိတိ ပိုးသတ်ဆေးပေါင်းကို အချိန်မှန်မှန် ရောဂါပျောက်ကင်းသည်အထိသောက်ရပါတယ်။
မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေးဝါးလေးမျိုးပါဝင်တဲ့ (4-drug regimens) ကုထုံးဖြင့် ကုသပါတယ်။ Isoniazid, Rifampin, Pyrazinamide and ethambutol or streptomycin ဆိုတဲ့ ပိုးသတ်ဆေးတွေနဲ့ စနစ်တကျကုသရမှာဖြစ်ပါတယ်။
တီဘီရောဂါပျောက်ကင်းဖို့အတွက် နေ့စဉ်မပြတ်မကွက်အချိန်မှန်မှန် တီဘီဆေးသောက်မှသာ ရောဂါပျောက်ကင်းနိုင်တာမို့ ဆေးသောက်ပျက်ကွက်ခြင်း၊ မိမိသဘောဖြင့်မိမိဆေးရပ်ခြင်းမျိုးလုံးဝ (လုံးဝ)မရပါ။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရပါက ဆေးညွှန်ကြားသူဆရာဝန်ကို ပြန်လည်း ပြောပြပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။
ဆေးယဥ်ပါးတီဘီဖြစ်ပါက နှစ်ရှည်လများ ထိုးဆေးတောင်ဆေးများဖြင့်ကုသရမည့်အပြင် ပျောက်ကင်းနိုင်မှုမှာလည်း သေချာခြင်းမရှိပါ။
တီဘီရောဂါလူနာကို မကုဘဲထားပါက ပတ်ဝန်းကျင်ရှိအခြားလူများကိုပါကူးစက်နိုင်သောကြောင့် မဖြစ်မနေ ကုကိုကုသရမည့်ရောဂါဖြစ်ပါတယ်။ တီဘီရောဂါဟာ လူထုအခြေပြုကုသရမည့် ရောဂါတစ်ရပ်ဖြစ်တဲ့အကြောင်း အားလုံး သဘော ပေါက်ထားဖို့လိုအပ်ပါတယ်။
အများပြည်သူများအနေဖြင့် တီဘီရောဂါရှိသူလူနာ အနားသွားလျှင် လူထူထပ်သည့်နေရာသွားလျှင် နှာခေါင်းစည်းဝတ်ဆင်ပါ။ တီဘီရောဂါကို အကောင်းဆုံးတားဆီးနိုင်ကြပါစေကြောင်း အသိပေး လိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ မျက်စိစွံခြင်းအကြောင်းအရာကို တင်ဆက်ပေးမှာဖြစ်တာကြောင့် စောင့်မျှော် အားပေးကြပါဦး။ ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း ရောဂါကင်းဝေး ရွှင်လန်းကျန်းမာ ကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #တိတ်တဆိတ်လူသတ်သမား #အဆုတ်တီဘီရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။