ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဧပြီ ၂၀ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ထိ ခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်းရွာအတွင်းသို့ ပထမဦးစွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးနောက် ပိန်းဇလုပ်မြို့အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ငါး လုံးပစ်ခတ်ခဲ့ရာ အသက် (၄၂) နှစ်အရွယ် ဦးပလို့ဝါး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီဖက်ကဘာလှုပ်ရှားမှုမှ မရှိပါဘူး။ လေယာဉ်၊ လက်နက်ကြီးအလွတ်ကြီးလာပစ်သွားတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါနေ့တွင်ပင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်း ကျေးရွာအတွင်းသို့ ခမရ-၂၀ တပ်ရင်းမှ ၆၀မမ လက်နက်ကြီး နှစ် လုံးပစ်ခတ်ခဲ့ရာ ကလေးငယ် တစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ရက် ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည် စစ်တောင်းမြစ် ဝှမ်းဒေသများဖြစ်သည့် ညောင်လေးပင်၊ ဖြူး၊ အုတ်တွင်း၊ ထန်းတပင် စသည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဥ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ခြေထောက်ကျေးရွာအခြေစိုက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်၊ သောင်တန်းကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ မိဘနှစ် ဦးသေဆုံးခဲ့ပြီး ခြောက်နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရရှိခဲ့ကာ တစ်နှစ်ဝန်းကျင် သမီး တစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#ညောင်လေးပင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #လက်နက်ကြီး #ဒေသခံသေဆုံး #Ayeyarwaddy_Times