ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၀ ရက်

ထိုင်း – မြန်မာ နယ်စပ်တွင် စစ်ကောင်စီက အပြင်းအထန်ကာကွယ်ခဲ့သည့် ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်ပတ်ခန့်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပြီး ဗျူဟာမှူးကိုအသေဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် ထိုင်း − မြန်မာနယ်စပ်တွင် စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ထီးထဗျူဟာ တပ်စခန်းကို ပြီးခဲ့သည့် ဧပြီ ၁၂ ရက် နေ့ မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမန်နေ့ ဧပြီ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Force for Federal Democracy – FFD တာဝန်ရှိသူထံမှ သိရသည်။

ထီးထဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်နေချိန် ၅ ရက်ခန့်အကြာတွင် ထီးထ စခန်းက လက်နက်ကြီးကုန်းကို အရင်ရရှိခဲ့ပြီး ယမန်နေ့ ဧပြီ ၁၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီအတွက် အရေးပါသည့် စခန်းကုန်း သုံးခုစလုံးကိုအပြီးသတ် တိုက်ခိုက်သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

“ထီးထ ဗျူဟာကုန်း က နယ်စပ်မှာ အရေးပါတဲ့နေရာဖြစ်တဲ့အတွက် စစ်ကောင်စီအင်အား ၁၀၀ လောက်ရှိတယ်။ အဲဒီ ထီးထဗျူဟာ စခန်းကုန်း သုံးခုစလုံးကို ကျွန်တော်တို့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တစ်ပတ်ကြာလောက်တိုက်ခိုက်လိုက်ရတယ်။ ဧပြီ ၁၉ ရက် ညနေပိုင်းမှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်”ဟု Force for Federal Democracy – FFD ဒုတာဝန်ခံ ကိုအောင်အောင်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

ထီးထာဗျူဟာကုန်းသည် ထိုင်း − မြန်မာနယ်စပ်တလျှောက် ထီးခီး-မေတ္တာနယ်တွင် အချက်အခြာ ကျကာ အရေးပါသည့် တပ်စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ထီးထ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး (ကရခ) စစ်ဗျူဟာ (၁) ဗျူဟာမှူးကို အသေဖမ်းဆီးရမိခဲ့သည့်အပြင် အရှင်ဖမ်းဆီးရမိသည့် စစ်သုံ့ပန်အများအပြားရှိနေပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ထီးထ စခန်းကုန်းက ဗျူဟာမှူးကိုတော့ အသေဖမ်းမိတယ်။ ပြီးတော့ ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်တွေ နဲ့ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း အများကြီးရရှိထားပေမဲ့ အရေအတွက် အတိအကျ ကိုတော့ ကျွန်တော်တို့ပြောလို့မရသေးဘူးပေါ့နော်။ သတင်းထုတ်ပြန်လို့လည်း မရသေးဘူး။ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်များဖက်ကလည်း ထိခိုက်မှုတွေရှိတယ်”ဟု FFD ဒုတာဝန်ခံ ကိုအောင် အောင်က ဆက်လက်ပြောကြားသည်။

ယင်း ထီးထ ဗျူဟာစခန်းကို KNU တပ်မဟာ( ၄) နယ်မြေ ၌ ပထမဆုံး သိမ်းပိုက် ရခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ နှင့် ၂၀၂၅အတွင်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီ စစ်ကြောင်းများကို KNU /KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ပြီး စခန်းအချို့လည်း သိမ်းပိုက် ရရှိထားသည်။

စစ်ကောင်စီသည် ထိုင်း -မြန်မာ နယ်စပ်က ထီးထဗျူဟာကုန်းကို လက်လွှတ်မဆုံးရှုံးရန်အတွက် လေကြောင်းမှနေ၍ Mi -17 ရဟတ်ယာဥ် ၊ K -8W ဂျက်ဖိုက်တာ ၊ Y – 12 တိုက်လေယာဥ်များ အသုံး ပြုပြီးအပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ကာကွယ်ခဲ့သော်လည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထီးခီးနယ်စပ်ဂိတ်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းတွင် ယမန်နေ့ ဧပြီ ၁၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်သံများထွက်ပေါ်နေသောကြောင့် ထီးထ ၊ ထီးခီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ထီးထ ဗျူဟာကုန်း တိုက်ပွဲကို KNU /KNLAတပ်မဟာ (၄) ဦးဆောင်မှုဖြင့် FFD ၊ Sky Ghost Drone Force ၊KDSF ၊ TPLF ၊ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Force for Federal Democracy – FFD

ပုံစာ- ထီးထ အမြောက်စခန်းသိမ်းပိုက်မှု၊အသေဖမ်းဆီးရမိသော ဗျူဟာမှူး ၊ တိုက်ပွဲအပြီး အောင်ပွဲခံနေသောတော်လှန်ရေးတပ်များ၊ ထီးထ ရွာအဝင်ဆိုင်း ဘုတ် နှင့် စစ်ကောင်စီ လေကြောင်း ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများကို တွေ့ရစဥ်။

#ထိုင်းမြန်မာနယ်စပ်တွင် #စစ်ကောင်စီ #အပြင်းအထန်ကာကွယ် #ထီးထဗျူဟာစခန်း #တော်လှန်ရေးတပ်များသိမ်းပိုက် #ဗျူဟာမှူး #အသေဖမ်းဆီးရမိ #Ayeyarwaddy_Times