စစ်ကောင်စီက အကူသူနာပြု ၉လ သင်တန်း ဝင်ခွင့် ပညာအရည်အချင်းအား ၉ တန်းအောင်အဖြစ် လျှော့ချသတ်မှတ်

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီး များနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနရှိဆေးရုံကြီးများတွင် အကူသူနာပြု(ပြင်ပ)(၉)လ သင်တန်းကို ဖွင့်လှစ်သွားမည်ဟု ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှ သတင်းထုတ်ပြန်ထားသည်။

တက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်းအား နဝမတန်း(၉ တန်း) အောင်မြင်ရမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသက် ၂၅ နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဟု ရေးသားဖော်ပြထားသည်။

” Nurse aid က အရင်က ၁၀ တန်းမှ တက်ခွင့်ရတာ။ ဒါတောင် ဝင်ခွင့်စာမေးပွဲ ဖြေရတယ် ဝင်ခွင့်အောင် ​နှုတ်မေးနှုတ်ဖြေစစ်သေးတယ်။အဲဒီအဆင့်အောင်မှ ဆရာဝန်ကိုယ်တိုင် ဆေးစစ်တာ။ စာတွေ့ ၆လ ပြီးရင် လက်တွေ့၆လ။ အခုက စာတွေ့ပဲ လက်တွေ့မပါဘူး တို့တုန်းက အကုန်တက်ခဲ့ရတယ် ဘာသာရပ် ၅ဘာသာ သင်ရတာ။ အောင်ရင်ရွှေရောင်တံဆိပ်နဲ့ အောင်လက်မှတ်ထုတ်ပေးတယ် အဲဒီလက်မှတ် စင်ကာပူထိ သွားအလုပ်လုပ်ရတယ် အကူသူနာပြုတွေက အခုက နာတာရှည်ကို ဆေးတိုက်တဲ့အဆင့်ပဲရှိတာလေ” ဟု အကူသူနာပြုသင်တန်း တက်ရောက်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

(၉)လ သင်တန်းပြီးဆုံးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၂)နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေ ၅သိန်းတိတိပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အကူသူနာပြုသင်တန်းအား တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှသာ တက်ရောက်ခွင့်ရှိသော်လည်း စစ်ကောင်စီကမူ နဝမတန်း(၉ တန်း)အဖြစ် လျော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အကူသူနာပြုသင်တန်း ဝင်ခွင့် ပညာအရည်အချင်းအား လျော့ချသတ်မှတ်ခြင်းမှာ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးနေခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန်မြို့ခံ သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီ #အကူသူနာပြုသင်တန်း #ဝင်ခွင့် #လျော့ချသတ်မှတ်
#Ayeyarwaddy_Times