ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

လားရှိုးမြို့အတွင်းသို့ ကိုးကန့်တပ်၏လုံခြုံရေးဖြင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ဝင်ရောက် လာပြီးနောက် စစ်ကောင်စီသည် မိုင်းရယ်နှင့်တန့်ယန်းကိုပါ လက်နက်ခဲယမ်း ပို့ဆောင်စစ်ပြင် ဆင်နေကြောင်း သိရသည်။

သာစည်မှ စစ်ယာဉ်တန်း ၁၇ စီးတောင်ကြီးဘက်သို့တက်လာပြီး တောင်ကြီးမှတစ်ဆင့် မိုင်းရယ်နှင့် တန့်ယန်းကို အဆိုပါစစ်ယာဉ်တန်းအားလုံး ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“သုံးဖွဲ့ပေါင်းပြီး အကြမ်းဖျင်းစကားပြောနေကြတာရှိတယ်။ အုပ်ချုပ်ရေးအတွက်ဆွေးနွေးရာမှာ တပ်တွေ နေရာချထားရေးပါ ပါဝင်လို့ ကိုးကန့်ဘက်က သဘောတူညီမှုမရသေးဘူး။ အဲဒီအချိန်မှာ စစ်တပ်က မိုင်းရယ်နဲ့ တန့်ယန်းကို လက်နက်အပြည့်ဖြည့်နေတာ”ဟု စစ်ရေးလေ့လာသုံးသပ်နေသည့် CDM ဗိုလ် ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ယာဉ်တန်း ၁၇ စီးလုံးတွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်လာခြင်းဖြစ်ပြီး အမည်ခံ ဖွင့်ထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကိုအင်အားတစ်ဆင့်မြှင့်၍ ခံစစ်ပြင်ဆင်မှု ပြုလုပ်နေ သည်ဟုဆိုသည်။

မိုင်းရယ်မှ စစ်ကောင်စီ စစ်ယာဉ်တန်းများသည် ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က ဟိုယကျေးရွာ လမ်းခွဲမှတစ်ဆင့် လွယ်စင်း၊ နမ့်အွန်၊ နန့်ပေါင်လမ်းအတိုင်း လားရှိုးမြို့အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဝင်ရောက်လာသည့် လမ်းပိုင်းများကို အခြားယာဉ်များ ဝင်ရောက်လာမှုမရှိစေရန် ကိုးကန့်တပ်များက ပိတ်ဆို့ထားပြီး စစ်ကောင်စီစစ်ယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်မှုမရှိစေရန် လုံခြုံ ရေးယူပေးထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းသည် စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူ ဆွေးနွေး ညှိနှိုင်းရန် လားရှိုးမြို့ပေါ်သို့ ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ကရောက်ရှိလာကြောင်း သိရသည်။

လာမည့် ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ကိုးကန့်တပ် MNDAA၊ တရုတ်၊ စစ်ကောင်စီတို့ သုံးပွင့်ဆိုင်ညှိနှိုင်းအစည်း အဝေးအတွက် တရုတ်ဘက်မှနေ၍ ချင်းရွှေဟော်- ကွမ်းလုံလမ်းပိုင်းအတွင်း တရုတ်အလံတပ်ဆင်ထားသည့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးယာဉ်တန်းများ လားရှိုးမြို့အတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

#ရှမ်းမြောက် #မိုင်းရယ် #တန့်ယန်း #စစ်ကောင်စီ #ရိက္ခာခဲယမ်း #ဖြည့်တင်း #စစ်ပြင်ဆင် #Ayeyarwaddy_Times