
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
တရုတ်အကူအညီဖြင့် လားရှိုးမြို့တွင်း ဝင်ရောက်လာသည့် စစ်ကောင်စီသည် နောင်ချို တောင်ခမ်း ဘက်ကိုပါ အရယူရန် တန်ပြန်တိုက်စစ်ဆင် ထိုးစစ်ဆင်နေကြောင်း သိရသည်။
လားရှိုးမြို့တွင်းသို ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့အချို့ ဝင်ရောက်လာပြီးနောက် ရှမ်းမြောက်ရှိ နောင်ချိုတောင်ခမ်းဘက်ကိုပါ လှုပ်ရှားခံစစ်မှ တန်ပြန် တိုက်စစ်ဖော်ဆောင်ရန် ကြိုး စားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီသည် အပစ်ရပ်စဲထားသည့် ကာလအတွင်း ဒုဋ္ဌဝတီမြစ်အတိုင်း နောင်ချိုဘက်သို့ ထိုးစစ်ဆင်လာပြီး တိုက်စစ်မှာ မကျီးရေနှင့် နောင်ချိုလေးကိုကျော်လွန်လာကာ မဲပုတ်ရွာတွင် အခြေပြုတပ်စွဲမှုများပြုလုပ်လာကြောင်း စစ်သတင်းရင်းမြစ်က ဆိုသည်။
“နောင်လင်ကိုကျော်ဖြတ်ပြီး နောင်ချိုကြီးတိမ်ပင် လယ်ကို ရောက်လာရင်တော့ TNLA အတွက် အရမ်းစိုးရိမ်ရတယ်လို့ သတ်မှတ်ရတော့မှာဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ် ပြောဆိုထားသည်။
စစ်ကောင်စီက ထိုးစစ်ကို နောင်ချိုကြီး တိမ်ပင်လယ်အထိရောက်ရန် ရည်ရွယ်ထားပြီး တောင်ခမ်းတွင် စစ်နယ်ကျွံသည်အထိ အင်အားအပြည့်ဖြင့် တိုက်စစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်ြမောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့များကလည်း ကံကြီးရွာဘက်မှ တောင်ခမ်းကိုပြန်လည်ထိန်းချုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ယခု ဧပြီ ဒုတိယပတ်အတွင်းတွင် နောင်ချို ရွှေမုဋ္ဌောမြောက်ဘက် ကံကြီးရွာတဝိုက်တွင် စစ်ကောင်စီ နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက စစ်ကြောင်းနှစ်ခုခွဲ၍ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် MNDAA နှင့် ညှိနှိုင်းမှုယူပြီး အပစ်ရပ်စဲထားသည့်ကာလအတွင်း တောင်ခမ်း စစ်မျက်နှာပြင်တွင်ပါ စစ်ရေးအရ အသာစီးယူ လာသည်ကို တွေ့ရသည်။
အပစ်ရပ်ကာလမတိုင်ခင်ကတည်းက စစ်ကောင်စီသည် နောင်ချိုရှိ TNLA တပ်စခန်းတချို့ကို ပြန်လည်သိမ်းယူထားပြီး တောင်ခမ်းကို ရှမ်းတောင်ဘက် ရပ်စောက်မှပါ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။
ပုံစာ-နောင်ချိုမြို့သိမ်းပြီးနောက်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်း #စစ်ကောင်စီ #တန်ပြန် #ထိုးစစ်ဆင် #Ayeyarwaddy_Times