
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
စစ်ကောင်စီက ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ အဓမ္မဖမ်းဆီးထားသည့် လူငယ်များကို စစ်မှုထမ်းရန်အတွက် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သင်တန်းကျောင်းများသို့ စတင် ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၁၉ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဘုရင့်နောင်စစ်ကြောရေးဝင်းထဲမှ စစ်မှုထမ်းအမှတ်စဉ် ၁၂ အတွက် စုဆောင်းခံထားရသည့် လူ ငယ်များကို စစ်သုံးကားကြီးများဖြင့် သယ်ထုတ်ကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လိုက်ကြောင်း Rangoon Scout Network RSN ထံမှ သိရသည်။
စစ်ကောင်စီက လူငယ်များကို ဧည့်စာရင်းအကြောင်း ပြဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မဲနှိုက်လူသစ်စုဆောင်းခြင်းတို့ကို ပြုလုပ်ပြီး စုဆောင်းထားသည့် တပ်သားသစ်များကို တိုက်ကြီးနှင့် လှည်းကူးမြို့နယ်တို့ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“အမှတ်စဉ် ၉ က သင်တန်းဆင်းပေးပြီး ရှေ့တန်းတွေကို ပို့လိုက်ပြီ။ အခုအမှတ်စဉ် ၁၂ အတွက် စုဆောင်းထားတဲ့ ကလေးတွေကိုခေါ်ပြီး သင်တန်း စပေးနေတယ်လို့ပြောတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းက လူငယ်အများစု ပါဝင်တယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ နံနက် ၈ နာရီခန့်မှစ၍ နေ့လည် ၁ နာရီအထိ စစ်သုံးဖောကား ၁၀ စီးဖြင့် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးဝင်းထဲမှ လူငယ်များကို ခေါ်ထုတ်ကာ တိုက်ကြီး တန်းမြင့် သင်တန်းကျောင်း တတက-၁ နှင့် လှည်းကူး စစ်အခြေခံလေ့ကျင့်ရေးတပ် စခတ-၁ စစ်သင် တန်းကျောင်းများသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့ကလည်း စစ်မှုထမ်းသင်တန်းဆင်းများကို စစ်သုံးကားကြီး အစီး ၂၀ ခန့်ဖြင့် သန်လျင်ရေတပ်သို့ ရွှေ့ပြောင်း၍ ဆိုင်ရာရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
အဆိုပါလူငယ်များမှာ ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့က အမှတ်စဉ် (၉) စစ်သင်တန်းမှ သင်တန်း ဆင်းပေးလိုက်သည့် လူသစ်သင်တန်းဆင်းများဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့သည့် လူငယ်ပေါင်း ၁၈၆ ဦးရှိပြီး အဆိုပါ ၁၈၆ ဦးမှာ မတ်လတစ်လအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် လူငယ် ၁၁၂ ဦးမှာ စစ်မှု ထမ်းအကြောင်းပြ ဖမ်းဆီးခေါ်ဆောင်ခံရပြီး သတင်း အတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၄၀ ဦးအထိရှိခဲ့ကြောင်း Rangoon Scout Network RSN က ဆိုသည်။
ဓာတ်ပုံ-Rangoon Scout Network
#ရန်ကုန် #ပဲခူး #ပေါ်တာဆွဲ #ဧည့်စာရင်းစစ် #ဖမ်း ဆီး #လူငယ်များ #စစ်ကောင်စီ #ရှေ့တန်းပို့ #Ayeyarwaddy_Times