
ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် အဆောက်အဦ၊ နေအိမ်များပြိုကျပျက်စီးကာ ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ် နေထိုင်စားသောက်ရေးခက်ခဲနေချိန်တွင် စစ်ကောင်စီက အိမ်ဆောက်ပစ္စည်းများ ရောင်းချပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံတကာမှ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ငွေကြေး ဒေါ်လာ ဘီလီယံနှင့်ချီရှိနိုင်ပြီး အဆိုပါငွေများကို မည်သည့်နေရာတွင် သုံးစွဲမည်ဖြစ်သည်ကို သိရှိရခြင်းမရှိသေးသော်လည်း ငလျင်ဘေးသင့်သူများကို အိမ်ဆောက်ပစ္စည်းများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းနှင့် မန္တလေးရှိ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယမန်နေ့ ဧပြီ ၁၉ ရက်ကတွေ့ဆုံစဉ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦများ ရှင်းလင်းရေးနှင့် ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လို အပ်သည့် ဘိလပ်မြေ၊ သံနှင့် သွပ်များကိုလည်း နိုင်ငံတော်မှသင့်လျော်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ငလျင်ဘေးသင့်ဒေသများကို ပြန်လည်ထူထောင်ရေးများလုပ်ဆောင်ရာတွင် ယခင်ကထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်သလို Green City၊ Clean City၊ Smart City ဖြစ်အောင် ကြိုးပမ်းဆောင် ရွက်သွားမည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြော ဆိုသွားသည်။
မြို့ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာတွင်လည်း မြို့နေရာချထားမှု Town Plan များစနစ်တကျပြန် လည်ရေးဆွဲပြီး ဆောင်ရွက်သွားရန်နှင့် ရစ်ခ်ျချက်တာစကေး ၈ အဆင့်ထိခံနိုင်သည့် အဆောက်အဦ၊ လမ်း၊ တံတားများဖြစ်ရန် တည်ဆောက်သွားကြရန် လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။
ထို့အပြင် စစ်ကိုင်းတိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ငွေကျပ် ၅၀ ဘီဘီယံ၊ မန္တလေးတိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် ၆၀ ဘီလီယံတို့ကိုလည်း ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းတောင်တို့တွင် အဓိက ထိခိုက်ပျက်စီးမှုများခဲ့ကာ လူဦးရေ ၄၀၀၀ ကျော်သေဆုံးကာ ၆၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူ ရာချီရှိနေသေးကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ငလျင်ဘေးအတွက် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများပေးအပ်ထားပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အခြားသောနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ နယူးဇီလန်နှင့် အခြားနိုင်ငံများမှလည်း အကူအညီများ ပေးအပ်ထား သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#ငလျင်ဘေးသင့် #ပြည်သူများ #နိုင်ငံတော် #သံ #သွပ် #အိမ်ဆောက် #ပစ္စည်း #ရောင်းချပေးမည် #စစ်ခေါင်းဆောင်ပြော
#Ayeyarwaddy_Times