(မီဇိုရမ်)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် လုံလေမြို့ရှိ မြန်မာစစ်ဘေးရှောင်များကို ဆိုင်ကယ်မောင်းနှင်ခြင်း ကန့်သတ်ထားပြီး ဆိုင်ကယ်ဘီးများ ဖြုတ်သိမ်းခံထားရကြောင်း စစ်ဘေးရှောင်များထံ သိရှိရသည်။

ဧပြီလ ၁၇ ရက်နေ့တွင် စစ်ဘေးရှောင်များကို လုံလေခရိုင်ရဲတပ်ဖွဲ့၊ မီဇိုးကျောင်းသားများအသင်းနှင့် မီဇိုးကျောင်းသားများသမဂ္ဂတို့မှ ဆောင်ရန်၊ ရှောင်ရန်များ ဟောပြောပြီးနောက် ယခုကဲ့သို့ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ယာဥ်တိုက်မှုဖြစ်တဲ့ခါ နိုင်ငံသားတွေမဟုတ်ဘဲ စစ်ဘေးရှောင်တွေဖြစ်နေတဲ့အတွက် အရေးယူအပြစ်ပေးတဲ့ခါမျိုးမှာ အခက်တွေ့သလို တချို့တွေက ယာဥ်တိုက်မှုဖြစ်သွားပြီး မြန်မာပြည်ဘက်ခြမ်း ထွက်ပြေးသွားကြတယ်။ အဲလိုမျိုးအခြေအနေမှာ ဒီလိုလုပ်ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်” ဟု မြန်မာစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆိုင်ကယ်မောင်းနှင်ခြင်း ကန့်သတ်လိုက်ပြီး ဧပြီလ ၁၈ ရက်နေ့မှစ၍ ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ထိ လုံလေမြို့ရှိ မြန်မာစစ်ဘေးရှောင်များ၏ ဆိုင်ကယ် အစီးရေ ၁၀၀ နီးပါးကို ရဲတပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့တို့မှ ဘီးများဖြုတ်သိမ်းခံထားရသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၏ ဥပဒေအရ နိုင်ငံခြားသားများအနေဖြင့် ဆိုင်ကယ်မောင်းနှင်ခြင်း၊ ကားမောင်းနှင်ခြင်းတို့ကို ခွင့်ပြုထားခြင်းမရှိကြောင့် သိရှိရသည်။

“နိုင်ငံခြားသားတွေ ကား၊ ဆိုင်ကယ် မောင်းခွင့်မရှိဘူးပြောတယ်။ ယာဥ်မောင်းလိုင်စင်လည်း လုပ်မရဘူးလို့ ကြားတယ်။ စစ်ဘေးရှောင်တွေအများစု မြန်မာပြည်ကနေ ဆိုင်ကယ်တွေ၊ ကားတွေပါကြတယ်။ ယာဥ်တိုက်မှုကလည်း မကြာခဏဖြစ်တော့ အခုလို ကန့်သတ်လိုက်တာဖြစ်မယ်ထင်ပါတယ်” ဟု မြန်မာစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖြုတ်သိမ်းခံရသည့် ဆိုင်ကယ်ဘီးများကို စစ်ဘေးရှောင်များအနေဖြင့် မြန်မာပြည် ပြန်သွားသည့်အချိန်တွင် မိမိ၏နာမည်နှင့်တကွ ရဲစခန်းမှ ပြန်လည်ထုတ်ပေးသွားမည်ဟု သိရှိရသည်။

#မီဇိုရမ် #မြန်မာစစ်ဘေးရှောင်များ #ဆိုင်ကယ်မောင်းနှင်ခြင်း #ကန့်သတ်ထား #ဘီးများဖြုတ်သိမ်း
#Ayeyarwaddy_Times