
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၀ ရက်
တနင်္သာရီ တိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊မင်းသားကျေးရွာ အုပ်စုအတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြား၍ လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
မင်းသားကျေးရွာအုပ်စုတွင် ယနေ့ ဧပြီ ၂၀ ရက် နံနက် ၈ နာရီ ခန့်မှစတင်၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် လေယာဥ်ဖြင့်ဗုံးသီးကြဲချ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက မနက် ၈ နာရီလောက်ကတည်းက မင်းသားရွာ နဲ့ အနီးအနားရွာတွေမှာဖြစ်နေကြတာ။ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေများပြားတယ်။ သေဆုံး နဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သား တွေကို လယ်ကြီးရွာက ရထားဘူတာ ထဲမှာပုံထားတယ် “ဟု မျက်မြင်တွေ့ရှိခဲ့သူ လယ်ကြီးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
တိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၁ နာရီ ခန့် က မင်းသားရွာဘက်ကို လေယာဉ်ဖြင့် ဗုံး သုံးလုံးကြဲချရာ မိုင် ၆၀ ရွာ အနောက်ဘက် ရာဘာခြံအတွင်း သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီကနေ့ နေ့လယ် ၁ နာရီလောက် မှာ လေယာဥ်နဲ့ ဗုံးသုံးလုံးလာကြဲသွားတယ်။ အဲ့ဒီ လေယာဥ်နဲ့ လာကြဲတဲ့ ဗုံးတွေက ရာဖူးကျေးရွာ အုပ်စုထဲက မိုင် ၆၀ ရွာ အနောက်ဘက် ရာဘာခြံထဲကို ကျတယ်။ လူထိခိုက်မှုတော့မရှိဘူး” ဟု မိုင် ၆၀ ရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းအပြင် ကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ – ၂၈၂ တပ်ရင်းကလည်း မင်းသားရွာဘက်ကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူပေးနေပြီး မောရဝတီရေတပ်ကလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်းသိရသည်။
ယခု ညနေပိုင်း အချိန်မှာ တော့ ပစ်ခတ်သံများမကြားရပဲ တိတ်ဆိတ်နေပြီး မင်းသားရွာထဲတွင် မောရဝတီ မှ စစ်ကောင်စီတပ်များ ရေကြောင်းဖြင့် ရောက်လာပြီး အင်အားတိုးမြှင့်ချထားကြောင်း သိရသည်။
မင်းသားရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသလို တော်လှန်ရေး ပူးပေါင်းတပ်များတွင်လည်း ဒဏ်ရာရသူ တပ်ဖွဲ့ဝင် ခြောက်ဦးခန့်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ တိုက်ပွဲကြောင့် မင်းသားကျေးရွာအုပ်စုအတွင်းရှိ ဆင်ကူးရွာ ၊မင်းသားရွာ ၊ လယ်ကြီးရွာ ၊ဆင်စွယ်ရွာ ၊ စိန်ဘုံရွာ စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေး စစ်ဘေးရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။
#ရေဖြူမြို့နယ် #မင်းသားရွာ #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီ #ထိခိုက်သေဆုံးမှုများ #လေယာဥ်ဖြင့်ဗုံးကြဲ #Ayeyarwaddy_Times