(တမူး)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ စစ်ဘေးရှောင်နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့မှ ဖျက်ယူ၍ ရောင်းချနေကြောင်း ဒေသခံများထံက သိရသည်။

တမူးမြို့ ချင်းလူမျိုးအများစုနေထိုင်သည့် မြို့မ ၁၄ ၊ ချောင်းနက်ကြီးရပ်ကွက်ရှိ စစ်ဘေးရှောင်နေအိမ်များကို ယခုရက်ပိုင်းတွင် ပျူစောထီးအဖွဲ့မှ ဖျက်ဆီး၍ ရောင်းချနေခြင်းဖြစ်သည်။

“တမူးမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်နေအိမ်တွေကို ဖျက်နေကြတာပါ။ အဓိကတော့ လူမနေတဲ့အိမ်တွေပါ။ အခုဆို ဆက်တိုက်ဖျက်နေပါတယ်။ လက်ရှိမှာ အိမ်အရေအတွက်တော့ ၂၀ ကျော်သွားပါပြီ” တမူးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျူစောထီးအဖွဲ့သည် ဖြိုဖျက်နေသည့်နေအိမ်များမှ သစ်သား၊ ပျဥ်၊ သွပ်တို့ကို ယူ၍ ၎င်းတို့နေအိမ်များ ဆောက်လုပ်ရာတွင် ပြန်လည်အသုံးပြုသည့်အပြင် အဖွဲ့အသုံးစရိတ်အတွက်ဆိုကာ ရောင်းချမှုများလည်း ပြုလုပ်နေကြောင်းသိရသည်။

“အိမ်ကောင်းတဲ့နေအိမ်တွေရွေးပြီး ဖြိုဖျက်နေကြတာပါ။ အဲဒီအိမ်တွေက သစ်တွေ၊ ပျဥ်တွေ၊ သွပ်တွေဆို သူတို့ဆောက်တဲ့ အိမ်တွေမှာ ပြန်သုံးကြတယ်။ တချို့ကျတော့ ပျူစောထီးအဖွဲ့တွေ သူတို့အသုံးစရိတ်အတွက်ဆိုပြီး တခြားရပ်ကွက်တွေမှာ ပြန်ရောင်းချကြတယ်” ဟု တမူးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက တမူးမြို့တွင် လူနေထိုင်ခြင်းမရှိသည့်နေအိမ်များကို ဖြိုဖျက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့် ပျူစောထီးတို့က ခြိမ်းခြောက်ထားသည်။

တမူးမြို့ကို စစ်ကောင်စီနှင့် ပျူစောထီးတို့ စိုးမိုးထိန်းချုပ်ထားပြီး ခိုးဆိုးလုယက်ခြင်း၊ မကြာခဏ လူသတ်မှုဖြစ်ပွားခြင်း၊ လူငယ်များဖမ်းဆီးခြင်းနှင့် တိုက်ပွဲဖြစ်ပွါးခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် မြို့တွင်မနေရဲတော့ဘဲ တခြားမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။

#တမူးမြို့ #စစ်ဘေးရှောင်နေအိမ်၂၀ကျော် #ပျူစောထီးအဖွဲ့ #ဖျက်ယူ၍ရောင်းချ #Ayeyarwaddy_Times