
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁၉ ရက်
ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရန် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် သုံး ဦးထွက်ပြေးရာတွင် တစ်ဦးအလင်းဝင်ရောက်လာနိုင်ပြီး နှစ်ဦး မှာ အဆက်သွယ်မရသေးကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။
စစ်မှုထမ်းသင်တန်း ပို့ဆောင်ရန် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) စစ်ကောင်စီ ခြေမြန်တပ်ရင်းတွင် သင်တန်းသားအဖြစ် စုဆောင်းခံရသည့် အမျိုးသားသုံးဦးမှာ အခြားတစ်နေရာသို့ ပို့မည့်ဆဲဆဲတွင် ထွက်ပြေးခြင်းဖြစ် ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
“ထိုင်း မှာအဖမ်းခံရပြီး ကော့သောင်းကိုပြန်ပို့တဲ့ သူတိုင်း အဓမ္မစစ်သားစုဆောင်းခံရတာပါ။ သူတို့ အဖွဲ့လာတုန်းက အားလုံး ၂၃၉ ယောက်ပါ။ နှစ်ဖွဲ့ခွဲလိုက်တယ်။ အခုထွက်ပြေးလာတဲ့ သုံးယောက် အဖွဲ့က ခွဲထုတ်လိုက်တဲ့ ၁၀၃ ယောက်အဖွဲ့ပါ။ ခမရ – ၄၃၁ တပ်ရင်း မှာ တစ်လနီးနီးနေခဲ့ရတယ်။ အခြားတစ်နေရာကို ပို့မည့်ဆဲဆဲ မှာ သူတို့သုံးယောက်ထွက်ပြေးလာတာပေါ့။ တစ်ယောက်ကတော့ ဧပြီ ၁၇ ရက်နေ့မှာကျွန်တော်တို့နဲ့ဆက်သွယ်ပြီးရောက်လာတယ်။ ကျန်တဲ့ နှစ်ယောက်က အဆက်အသွယ် မရသေးဘူး။ စစ်ကောင်စီ လက်ထဲကိုလည်း ပြန်မရောက်သေးဘူး”ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အင်းဘီလူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူသည် အသက် ၂၄ အရွယ် ထားဝယ်ဒေသခံ ကိုအောင်စိုး ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် လဝကအမှုဖြင့် အချုပ်ကျကာ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပြန်ပို့ခံရသူဖြစ်ပြီး စစ်မှုထမ်း အမှတ်စဥ် (၁၂) အတွက် ကော့သောင်းမြို့ခမရ -၄၃၁ တပ်ရင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသူဖြစ်သည်။
“စစ်သားစုဆောင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုအောင်စိုး ကိုမေးတယ်။ သူ့ဆန္ဒအရ ပေါ့လေ။ သူကဘယ်မှ မသွားပါဘူး။ တော်လှန်ရေးတပ်ဖွဲ့ထဲမှာ နေပြီး စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမယ်လို့ ပြောတယ်” ဟု ရဲဘော် အင်းဘီလူးက ဆက်လက်ပြောကြားသည်။
ထွက်ပြေးလာစဉ်အချိန်က ကိုအောင်စိုးနှင့်အတူတူ သုံးယောက်ဖြစ်ပြီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားနှင့်ထိပ် တိုက်တိုးကာ လုံးထွေးထိုးကြိတ်ရာမှ လူစုကွဲသွားခြင်းဖြစ်ကာ စစ်မှုထမ်း သင်တန်းပို့ရန် စုဆောင်းခံထားရစဥ် ထွက်ပြေးလာခြင်းဖြစ်သဖြင့် လက်နက်ခဲယမ်းများ ယူဆောင် လာနိုင်ခြင်း မရှိကြောင်း ကော့သောင်း ပကဖ တာဝန်ရှိသူထံမှ သိရသည် ။
အဆိုပါ ခမရ – ၄၃၁ တပ်ရင်းတွင် စစ်သားစုဆောင်းခံရသူများ ထွက်ပြေးရာတွင် ပြန်လည် ဖမ်းဆီး ခံရတဲ့သူများရှိသလို ထွက်ပြေးလွတ်မြောက်လာသူများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်းက သုံးယောက်ထွက်ပြေးရာ သုံးယောက်စလုံး ပြန်လည်ဖမ်းဆီး ခံရပြီး မတ်လ နောက်ဆုံးပတ်အတွင်းကလည်း ငါးယောက်ထွက်ပြေးရာ လေးယောက် ပြန်လည် ဖမ်းဆီးခံရကြောင်းသိရသည်။
နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးကာ အင်အားပြုန်းတီးလာသည့် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လမှစကာ အဓမ္မစစ်သားစုဆောင်းခြင်း၊ မဲနှိုက်ရွေးခြင်း၊ ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသူများကို ဖမ်းဆီး၍ စစ်မှုထမ်းရန်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ပုံစာ – စစ်သားစုဆောင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ကိုအောင်စိုး။
#ထိုင်း #ကော့သောင်း #ပြန်ပို့ခံရ #စစ်မှုထမ်းရန် #စုဆောင်းခံရ #လူငယ်၃ဦး #၁ဦးအလင်းဝင်ရောက် #Ayeyarwaddy_Times