ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ဗုံးထပ်မံကြဲချတိုက်ခိုက်သည့်အတွက် ဒေသခံ တစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဧပြီ ၁၉ရက် မနက် ၂နာရီ၃၀မိနစ်မှ ၃နာရီကျော်အထိ ကျောက်တော်မြို့နေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

“လူအိပ်ချိန် မနက်စောစီးလာကြဲသွားတာမို့ ရှောင်ပြေးချိန်မရဘူး။ ကလေးတွေလည်း ထိတယ်ပြောပါတယ်” ဟု ကျောက်တော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျောက်တော်မြို့ရှိ ပြည်တော်သာ၊ မြို့သစ်နှင့်ရှမ်းရွာရပ်ကွက်၊ ဆေးရုံအနီးတို့ကို စစ်ကောင်စီက ဗုံးအလုံးရေ ၁၀လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်တော်သာ ၆ လမ်းမှ အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ကလေးသူငယ်အများစု ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိကာ နေအိမ်များပျက်စီးခဲ့သည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန် အပစ်ရပ်ထုတ်ပြန်ထားသော်လည်း စစ်ကိုင်းတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် ဗုံးဆက်တိုက်ကြဲချမှုများ လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-၂၀၂၄ ခုနှစ်က စစ်ကောင်စီတပ်မှ ကျောက်တော်မြို့ကို လေကြောင်းကနေ ဗုံးကြဲစဥ် (ပုံဟောင်း)

#ကျောက်တော် #စစ်ကောင်စီ #ဗုံးကြဲ #ထိခိုက်သေဆုံး #Ayeyarwaddy_Times