ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဧပြီ ၁၉ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်လည်ပတ်သည့် ပျူစောထီးခေါင်းဆောင်လှိုင်မင်း နှင့် အဖွဲ့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က တောင်ခြေရှိ စားသောက်ဆိုင်တစ်ခုတွင် တော်လှန်ရေးတပ်ဖွဲ့မှဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါပျူစောထီးအဖွဲ့နှင့် မိသားစုဝင်များကို ဖမ်းဆီးစစ်ဆေးပြီးနောက် ပျူစောထီးခေါင်းဆောင် လှိုင်မင်းနှင့် အဖွဲ့ဝင်များဖြစ်သည့် မဲကြီး၊ မင်းမော်ဦး၊ကျော်ကျော်ဦး၊ သိန်းဌေး နှင့် လှိုင်မင်း၏ ဇနီးဖြစ်သူယမင်းတို့ ငါး ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်သူများကို ဧပြီ ၁၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ပျူစောထီးအဖွဲ့များကို စစ်ဆေးချက်အရ ၎င်းတို့သည် ညောင်‌လေးပင်အခြေစိုက် ခမရ-၂၀ တပ်ရင်းနှင့် ပေါင်းကာ ဒေသခံများကို မီးရှို့သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ မြို့နယ်စီမံကောင်စီ ဗိုလ်မှူးနေလင်းဆိုသူနှင့် ပူးပေါင်းကာ လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးကာ ခမရ-၄၄၀ တပ်ရင်းသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“အခု ဖြစ်စဉ်ကို တော်လှန်ပြည်သူတွေထံ ပွင့်ပွင့်လင်းလင်း ချပြမှာဖြစ်ပါတယ်။ ကြီးမားတဲ့ပြစ်မှုတွေ တော်တော်ကျူးလွန်ထားတယ်။ စစ်ကောင်စီလော်ဘီသတင်းတွေကဝါဒဖြန့်သလိုမျိုး ဘုရားဖူးပြည်သူ တွေကို အကြောင်းမဲ့ဖမ်းဆီတာမျိုးမလုပ်ပါဘူး။ ကျွန်တော်တို့က မတိကျမသေချာပဲ ဘာမှမလုပ်ဘူ။း သူတို့သောက်စားမူးယစ်ပြီးရေကူးနေကြတဲ့အချိန်မှာ ဖမ်းတာပါ။ ဘုရားဖူးတဲ့အချိန်ဖမ်းတာ မဟုတ်ပါ ဘူး” ဟု သထုံခရိုင်PDF တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ညောင်လေးပင်မြို့နယ်ဘက်မှခွင့်ယူကာ ကျိုက်ထီးရိုးသို့လာရောက်သည့် ပျူစောထီးအဖွဲ့နှင့် မိသားစုဝင် ၄၀ ကျော်ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျိုက်ထီးရိုးတောင်ခြေရှိ ကင်းမွန်းချောင်းကျေးရွာ၊ ကဒတ်ချောင်းတွင် အရက်သေစာသောက်စားနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီကလည်း ဘုရားဖူးလာသည့် ပြည်သူ‌‌ ၄၈ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီး သွားသည့်အတွက် တရားဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ပြီး လုံခြုံရေးများ တိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းတို့လက်အောက်ခံ လော်ဘီသတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။

မိသားစုဝင်များကိုပါဖမ်းဆီးရခြင်းမှာ လုံခြုံရေးအခြေအနေအရ သာဖြစ်ပြီး ဖမ်းဆီးထားစဉ်ကလည်း ကောင်းမွန်စွာကျွေးမွေးထားပြီး ယခုဖြစ်စဉ် အသေးစိတ်ကိုလည်း ထပ်မံထုတ်ပြန်မည်ဖြစ်‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဧရာဝတီတိုင်းမ်ကို အသိပေးပြောဆိုထားသည်။

ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်၊ လူမှုကွန်ရက်

#ကျိုက်ထို #ကျိုက်ထီးရိုး #ကင်မွန်းချောင်း #ပျူစောထီး #ဖမ်းဆီး #PDF #Ayeyarwaddy_Times